အင်းစိန်ကမ်းနား

March 4, 2021

အင်းစိန်ကမ်းနား ဆန္ဒပြသူများကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွင်း၊ လူအချို့ ဒဏ်ရာရ

အင်းစိန်ကမ်းနားမှာ အရံအတားတွေချ ဆန္ဒပြနေတဲ့ ပြည်သူ သောင်းချီကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေ ပစ်ဖောက်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသမီးငယ် ၁ ဦးအပါအဝင် လူအချို့  ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်ဈေးရှေ့သပိတ်ကို စစ်တပ် (တပ်မ၇၇) နဲ့ ရဲတပ်ဖွဲ့က မွန်းလွဲတစ်နာရီခွဲမှာ သေနတ် ၆ ချက် ပစ်ဖောက်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက်ပြီး ကမ်းနားဘက် ဆန္ဒပြနေသူတွေကို ဆက်လက်ဖြိုခွင်းခဲ့တာပါ။

အင်းစိန်ကမ်းနား ဆန္ဒပြသူတဦးက “တံတားပေါ် (အောင်ဇေယျ) ကနေ မျက်ရည်ယိုဗုံးတွေနဲ့ လှမ်းပစ်တာ။ ကျနော်တို့ ရပ်ကွက်ထဲက အချို့ မျက်နှာမှာ နီရဲပြီး မမြင်ရဘူးဖြစ်သွားတာ။” လို့ ပြောပါတယ်။

ဒီနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အောက်ဇေယျတံတားဘက်ကနေ ထွက်ခွာသွားပြီးနောက် ညနေ ၃ နာရီခွဲလောက်မှာ ဘုရင့်နောက် လမ်းမကြီး ပေါက်တောဝ လမ်းစုံမှာ နေရာယူထားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လှိုင်မြစ်လမ်းမကြီးတလျှောက်နဲ့ ဘုရင့်နောင်လမ်းမကြီးမှာ ပြည်သူတွေ ချထားတဲ့ အရံအတားတွေကိုလည်း ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လှိုင်မြစ်လှမ်းတလျှောက် အင်းစိန်ကမ်းနား အလယ်နဲ့ ကမ်းနားအနောက် ဘက် ရပ်ကွက်ပြည်သူတွေဟာ ရပ်ကွက်အဝင်လမ်းတွေကို လုံးဝပိတ်ဆို့ထားပြီး အပြင်လူလည်း ပေးမဝင်ကြဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း အင်းစိန်ဈေးရှေ့  နေ့စဉ် ထိုင်သပိတ် ဆန္ဒပြနေတာကို အခုလို ဖြိုခွင်းခံရပေမယ့် ရှေ့ဆက်လုပ်သွားမယ်လို့ သပိတ်မှာပါဝင်သူ ကိုကျော်မိုးက ပြောပါတယ်။

မတ် ၃ ရက်နေ့ကလည်း အင်းစိန်ဈေးရှေ့သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ပစ်ခတ် လူစုခွဲခဲ့တာကြောင့်  ပြင်းထန်ဒဏ်ရာရသူ ၂ ဦးအပါအဝင်  ၁၆ ဦးဒဏ်ရာရရှိခဲ့ပြီး ၃၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

9 months Ago
Up