အင်အားပြမဲဆွယ်

A d v e r t i s e m e n t With Us

October 27, 2020

ကျုံမငေးတွင်  မြစ်အတွင်း အန်အယ်လ်ဒီ ထောက်ခံလှည့်လည်ရာတွင် ပါဝင်သူ ၁ ဦး ရေနစ်သေဆုံး 

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှာ အောက်တိုဘာ ၂၅ ရက်က အန်အယ်လ်ဒီ ပါတီထောက်ခံ၀န်းရံသူတွေ မြစ်အတွင်း စက်လှေတွေ မော်တော်တွေနဲ့ လှည့်လည်ရာမှာ ပါတီထောက်ခံသူ အမျိုသား ၁ ဦး ရေထဲကျ သေဆုံးခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က သိရပါတယ်။ ကျုံမငေးမြို့နယ် ကျွန်းပြသာဒ်မြစ်အတွင်း အင်အားပြလှည့်လည်ရာ တုန်လဲချောင်းမြစ် အရောက် အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦး ရေထဲကျသေဆုံးခဲ့တာလို့ ကျုံမငေးမြို့ ရဲစခန်းမှူး ရဲအုပ် ရန်နိုင်ဝင်း က ပြောပါတယ်။ “မနေ့က မြစ်ထဲလှည့်နေရင်းနဲ့ အဲ့တစ်ယောက်ကပြုတ်ကျသွားတာ ရှာတာ ရှာလို့မရဘူး၊ သေဆုံးတဲ့လူက သူတို့ရွာကအဖွဲ့တွေနဲ့ လိုက်တာလို့သိရတယ်၊ စက်လှေမောင်းတဲ့သူကိုတော့ ဥပဒေအရ အရေးယူ ထားတယ်” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က အန်အယ်လ်ဒီပါတီကို ထောက်ခံတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာနေ ပါတီထောက်ခံသူတွေ ပူးပေါင်းပြီး ကျွန်းပြသာဒ်မြစ်အတွင်း သင်္ဘောတွေ စက်လှေတွေနဲ့ လူအင်အား အများအပြားနဲ့ လှည့်လည်အင်အားပြခဲ့တာ ဖြစ်ပါတယ်။ လှည့်လည်ပွဲမှာ ပါဝင်ခဲ့သူ ၁ ဦးက “စက်လှေတွေ သင်္ဘောတွေများတော့ ပြန်ကြားရေးအဖွဲ့က ပြောပေးနေရတယ်။ ပြိုင်မမောင်းဖို့ ပြောနေရင်းနဲ့ နေ့လယ်ပိုင်းမှာ အမျိုးသားတဦး ပြုတ်ကျတယ်လို့ သိရတာ” လို့ ပြောပါတယ်။ အဆိုပါ အမျိုးသားသေဆုံးမှုနဲ့ ပတ်သက်ပြီး စက်လှေမောင်းသူ ဇော်မင်းထွန်းကို ကျုံမငေး နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဩကာသ
3 months Ago

October 25, 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လွိုင်ကော်တွင် အင်အားပြမဲဆွယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဝန်းရံထောက်ခဲ့သူ ၁၅၀၀ လောက် ဒီကနေ့ မနက် အင်အားပြ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ လွိုင်ကော်မြို့နယ်က ပြည်နယ်လွှတ်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၄ ဦး ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူတို့ရဲ့ ပထမဦးဆုံး မဲဆွယ်စည်းရုံးပွဲမှာ လွိုင်ကော်မြို့နယ်တွင်းက ကျေးရွာ ၂၈ ရွာနဲ့ ရပ်ကွက် ၃ ခုမှာ နေထိုင်ကြတဲ့ ပအိုဝ်းလူမျိုးတွေ လာရောက်ဝန်းရံ လှည့်လှည်စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။  လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာမှာ စတင်စုဝေးပြီး ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်ရာ ကျေးရွာနဲ့ လွိုင်ကော်မြို့ပေါ်ကို လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့နယ် လယ်ထွဲကျေးရွာကနေ လာရောက်ဝန်ရံတဲ့ ပအိုဝ်းလူငယ် ကိုသိန်းမောင်က “ဘာလိုဝန်းရံလဲဆိုတော့ ကျနော်တို့က ပအိုဝ်းမျိုးချစ်စိတ်ဓာတ်ရှိလို့ပေါ့ဗျာ။ ကျနော်တို့ ကယားပြည်နယ် လွိုင်ကော်မျာ ကျနော်တို့ ပအိုဝ်းရှိတယ်ဆိုတဲ့အကြောင်း ပြောပြချင်လို့ ဒီလိုမျိုး လိုက်ရတာပါ” လို့ ပြောပါတယ်။ လွိုင်ကော် ရွာတန်းရှည်ကျေးရွာကနေ လာရောက်ဝန်းရံတဲ့ မအေးသူဇာကတော့ မျိုးချစ်စိတ်နဲ့ လာရောက်ဝန်းရံတာလို့ ပြောပါတယ်။ “သမီးတို့က မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့အတွက် ဝန်းရံတာလည်းဖြစ်တယ်။ ကိုယ့်အမျိုး အတွက် ဂုဏ်တက်စေချင်တဲ့ အဲဒီဆန္ဒလည်း ပါတဲ့အတွက်ကြောင့် ဝန်းရံတာလည်းဖြစ်ပါတယ်။ ပအိုဝ်းပါတီ အနိုင်ရခဲ့ရင်တော့ မရရှိသေးတဲ့ အခွင့်အရေးလေးတွေပေါ့နော်။ အဲဒါတွေ ရရှိလာမယ်လို့လည်း ထင်တယ်။ နောက်ပြီး လုပ်ငန်းခွင် ဝင်ခဲ့ရင်လည်း ပိုပြီးတော့ အခွင့်အရေးပိုရမယ်လို့ ထင်မိပါတယ်။ ” ကယားပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဥက္ကဋ္ဌလည်းဖြစ်၊ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဦးအုန်းဖေလေးကတော့ လွိုင်ကော်မြို့နယ်မှာ ပအိုဝ်းအမျိုးသား ၁၂၀၀၀ လောက်နေထိုင်တဲ့ အတွက် ဒေသခံ ပအိုဝ်းအမျိုးသားတွေရဲ့ ဝန်းရံမှုနဲ့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတာလို့ ပြောပါတယ်။ “ပြောရမယ်ဆိုရင် ကျနော်တို့ ကယားပြည်နယ်မှာ ပအိုဝ်းအမျိုးသားကလည်း လွိုင်ကော်မြို့နယ်မှာ အများဆုံးနေထိုင်ကြတယ်လေ။ ဒီးမော့ဆိုမှာဆိုလည်း တရွာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားအနေနဲ့ ဒီပါတီစုံဒီမိုကရေစီခေတ်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံရေးအသိပညာတွေ၊ ဒီမိုကရေစီဆိုတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်အောင်၊ စိတ်ပါဝင်စားမှုရှိလာအောင် ပါတီစုံ အခင်းအကျင်း ဒီထက်မက တိုးတက်အောင်မြင်လာအောင် ကျနော်တို့က ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်တာဖြစ်ပါတယ်။ ကျနော်တို့ပါတီ ငယ်ပေမယ့် အားမငယ်ပါဘူး။ ပြောရမယ်ဆိုလို့ရှိရင် ကိုယ့်အမျိုးသားအားလုံးရဲ့ ဝိုင်းဝန်းအားပေးထောက်ခံမှုကို ကျနော်တို့ အဓိက အားယူပါတယ်။” ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေနဲ့ လွိုင်ကော်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အဓိကပြိုင်ဘက်ဖြစ်နေတယ်လို့ ပြောပါတယ်။ “အန်အယ်လ်ဒီ ကျနော်တို့ ၂၀၁၅ တုန်းကတော့ အပြောင်းအလဲဆိုတဲ့ ကဏ္ဍနဲ့ ရှိတဲ့အားလုံးက သူ့ကို ဝိုင်းဝန်းပြီးမှ ပံ့ပိုးပြီးမှ ရွေးခဲ့ကြတာကိုး။ လက်ရှိအခြေအနေမှာ အခြားပါတီတွေကလည်း သူတို့ရဲ့ပါတီအောင်မြင်ဖို့အတွက် အသီးသီးက ရုန်းကန်လှုပ်ရှားလာပြီလေ။ အဓိကက ကျနော်တို့ ဒီဒေသခံပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကလည်း အားကောင်းလာတာကို တွေ့ရတယ်။ အဲခါကျတော့ လက်ရှိကျနော်တို့ ၂၀၁၅ တုန်းက ဝိုင်းရံခဲ့ကြတဲ့ အန်အယ်ဒီပါတီက အားလျော့သွားမယ်လို့ ကျနော်တို့ အဲဒီလိုပဲထင်တယ်။” ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟာ ၂၀၁၀ ခုနှစ်က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရှိထားပြီး ပါတီဗဟိုရုံးချုပ်က ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိပါတယ်။ ပြည်ထောင်စုတဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားတဲ့ပါတီလည်းဖြစ်ပါတယ်။
3 months Ago

လှည်းကူးမြို့နယ်တွင် NLD ပါတီ ဝန်းရံထောက်ခံသူများ အင်အားပြမဲဆွယ် (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝန်းရံထောက်ခံသူတွေ အောက်တိုဘာလ ၂၅ ရက်နေ့က အင်အားပြ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျန်နေသေးတဲ့ မဲဆွယ်ကာလ ၁၃ ရက်မှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၄ ရက်နေ့မှာ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာမှာ သ‌တ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်တာ၊ social distancing rule တွေကို လိုက်နာဖို့ လိုအပ်တာ၊ ဝန်းရံသူတွေကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားဆောင်ရွက်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Photo - Ye Myo Khant/MPA
3 months Ago
Up