မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်ဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပြန်ရဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့လည်း သမ္မတ ဝီဒိုဒိုက မတ်လ ၁၉ ရက် ဒီကနေ့ သမ္မတအိမ်တော်ကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာပြောပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဆင့်မြင့်ခေါင်းဆောင်တွေ ဆွေးနွေးဖို့ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကြာခင်မှာ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင် ဟတ်စ်ဆနယ်ဘိုလ်ကီးယားနဲ့ ဆက်သွယ်စကားပြောဖို့ရှိတယ်လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့လည်းအကြောင်း အင်ဒိုနီးရှားပြည်သူတွေကိုယ်စား သမ္မတ ဝီဒိုဒိုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ သေဆုံးမှုတွေထပ်မဖြစ်အောင် အကြမ်းဖက်နည်းလမ်းကိုအသုံးပြုနေတာ ချက်ချင်းရပ်ဖို့ အင်ဒိုနီးရှားအနေနဲ့တောင်းဆိုတဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံ သက်သာရေးဟာ ထိပ်တန်း ဦးစားပေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- Reuters