အင်တာနက်ဖြတ်တောက်မှု

December 6, 2021

အင်တာနက်ဖြတ်ခံထားရသည့် ဖားကန့်တွင် MPT ဖုန်းလိုင်း ထပ်မံဖြတ်တောက်

အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ သုံးလကျော်ရှိပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီကနေစပြီး MPT ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

"ဟုတ်တယ် MPT ဖုန်းတွေက ဒီမနက်မှာ MPT ဖုန်းခေါ်ကြည့်တော့ Call Field ဖြစ်နေတာ၊ မသင်္ကာလို့ ဖုန်းလိုင်းပြန်ကြည့်လိုက်မှ လိုင်းအကုန်ပျောက်နေတယ်၊ လုံးဝ ခေါ်မရတော့ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ယခင်က MPT၊ Telenor၊ Oredo၊ Metel  ဖုန်းလိုင်းတွေ ရရှိနေတာဖြစ်ပြီး နေရာတချို့မှာတော့ Mytel ဆင်းကတ်သုံးသူတချို့ အင်တာနက် အသုံးပြုလို့ရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲဲ့ရပြီး ဒီနေ့မနက်အစောပိုင်းမှာ MPT ဖုန်းလိုင်းတွေ ထပ်မံဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုလို MPT ဖုန်းလိုင်းတွေဖြတ်တောက်မှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့ မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဌာနကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

2 days Ago

September 29, 2021

အင်တာနက်ဖြတ်တောက်မှုနှင့် မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ထားမှု လူထုကိုအန္တရာယ်ဖြစ်စေဟု ယူကေသံရုံးထုတ်ပြန်

မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ထားမှုနဲ့ မီဒီယာလွတ်လပ်ခွင့် ဆက်လက်ကန့်သတ်ထားမှုတို့ဟာ ထိခိုက်လွယ်သော လူမှုအသိုက်အ၀န်းအတွက်  အန္တရာယ်ဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာယူကေသံရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါကန့်သတ်ချက်တွေဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလနဲ့ အကြမ်းဖက်မှုဖြစ်ပေါ်နေတဲ့ နေရာဒေသတွေမှာ   အသက်ကယ်သတင်းအချက်အလက်တွေ လက်လှမ်းမှီရရှိနိုင်မှု ကျဆင်းစေတယ်လို့ဆိုပါတယ်။  

သတင်းအချက်အလက်ရရှိနိုင်မှုလျော့နည်းတာကြောင့် မြန်မာပြည်သူလူထုရဲ့ စီးပွားရေးနဲ့ အသက်မွေး၀မ်းကြောင်းလုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်ကြောင်းနဲ့ လွတ်လပ်ပြီး စစ်မှန်တဲ့ သတင်းအချက်အလက် စီးဆင်းမှုကို ပံ့ပိုးပေးနေသူတွေကို ယူကေအစိုးရက ဆက်လက်ကူညီပေးသွားမယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးတချို့အနေနဲ့ သတင်းထုတ်ပြန်ခြင်းမပြုမီ သတင်း အချက်အလက်တွေကို ဂရုပြုစိစစ်ကြဖို့နဲ့  မြန်မာနိုင်ငံအစိုးရမှ တရားဝင်ထုတ်ပြန် ထားတဲ့ သတင်းအချက်အလက်တွေကို အလေးထားဖော်ပြသွားကြဖို့ စစ်ကောင်စီ  နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။

သံရုံးတချို့ဟာ မြန်မာနိုင်ငံ မြို့နယ်တချို့မှာ အင်တာနက် ဖြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကို  စိုးရိမ်ပူပန်ကြောင်း  မမှန်ကန်၊ မရေရာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ထုတ်လွှင့်တဲ့ လူမှုကွန်ရက် စာမျက်နှာရှိ သတင်းတွေကို ကိုးကား ထုတ်ပြန်နေတာတွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

အင်တာနက်ဖြတ်တောက်မှုဟာ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ဖြစ်တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်တွင်း စစ်ကောင်စီတပ်တွေ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့တွေရွာတွေမှာ  စစ်ကောင်စီက အင်တာနက်လိုင်းတွေရော ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားသလို သတင်းမီယာတွေကိုလည်းဖိနှိပ်၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချ နေတာဖြစ်ပါတယ်။ 

2 months Ago
Up