အင်တာနက်ဖြတ်တောက်

September 26, 2021

ပင်လည်ဘူးမြို့နယ်ကို စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်စတင်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီစစ်တပ်က လေကြောင်းကနေရော မြေပြင်ကနေပါ စစ်အင်အားထောင်ချီနဲ့ စတင်ဝင်ရောက် စစ်ဆင်နေတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်သားတွေကို ကူညီပေးကြဖို့ ပင်လည်ဘူး PDF က တောင်းဆိုလိုက်ပါတယ်။ 

“သတင်းအမှောင်ချခံရပြီး ယုတ်မာရက်စက်တာကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲခံနေရကာ အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့်  ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။ ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်” လို့ ပင်လည်ဘူး PDF  က လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ဒီထက်ပိုပြီး အသေအပျောက်မများခင်၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် တနိုင်ငံလုံးက PDF တွေအနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာဖွင့်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

 ပင်လယ်ဘူးမြို့နယ်အပါအဝင် ကောလင်း၊ ဝန်းသိုမြို့နယ်တွေကို စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီး ပင်လည်ဘူးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေ ထိုးစစ်စတင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက  စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင်၊ အရာတော်၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင် စတဲ့မြို့နယ်တွေမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက အင်တာနတ်ဖြတ်တောက်ထားပါတယ်။

4 weeks Ago

September 24, 2021

မကွေးနှင့်ချင်း မြို့နယ်အတော်များများ အင်တာနက်ဖြတ်တောက်ခံရ

မကွေးတိုင်းဒေသကြီးအတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ မြိုင်မြို့တွေမှာ စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီလောက်က အင်တာနက် ဖြတ်တောက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး အားကောင်းတဲ့ဒေသတွေကို ပစ်မှတ်ထားပြီး အခုလို အင်တာနက် ဖြတ်တောက်လိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 “ဂန့်ဂေါရယ်၊ ထီးလင်းရယ်၊ မြိုင်ရယ် အင်တာနက်တွေပျက်သွားပြီ၊ ဒီနေ့ ညနေ ၆နာရီလောက်က။ အဓိကကတော့ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်း သူတို့အနေနဲ့ ဆိုးနေတဲ့နေရာတွေကို သူတို့ဖိမယ်ဆိုတဲ့သဘောပေါ့။” 

သတင်းစီးဆင်းမှု ပုံစံတွေကလည်း လျှို့ဝှက်တဲ့ပုံစံနဲ့ အင်တာနက်ကို အသုံးပြုပြီး ပေးပို့လာကြသလို PDF အချင်းချင်း ချိတ်ဆက်မှုတွေ၊ ပြည်သူအချင်းချင်းချိတ်ဆက်မှုတွေကအစ ခြေရာခံလို့မရတဲ့အဆုံး အင်တာနက်ဖြတ်တောက်ပစ်တာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“သတင်းစီးဆင်းတဲ့ ပုံစံက လူအများသိတဲ့ ဆိုရှယ်မီဒီယာမှာမဟုတ်တော့ဘဲနဲ့ PDF တွေကို သတင်းပေးတာတို့၊ ပြည်သူအချင်းချင်းသတင်းပေးတာတို့ ဒါမျိုးတွေ သူတို့ ချိတ်ဆက်မှုပေါ့။ သူတို့ PDF အချင်းချင်း ချိတ်ဆက်မှုနဲ့ ပြည်သူနဲ့ ချိတ်ဆက်မှုမှာကျတော့ ပေါ်ပေါ်ထင်ထင် ဖေ့ဖွတ်ခ်ဆိုရှယ်မီဒီယာပေါ်မှာ မဟုတ်တော့ဘဲနဲ့ တခြား appတွေနဲ့သုံးလာကြတယ်။ အဲ့ဒါတွေကို သူတို့က ခြေရာခံလို့လည်းမရတဲ့အဆုံးမှာ အရင်တုန်းက ဖွင့်ပေးတယ်ဆိုတာက သူတို့ ဆိုရှယ်မီဒီယာမှာ ပြည်သူတွေက မသိတော့တင်ကြတယ်လေ။ တင်ကြတော့ သူတို့က သတင်းရတယ်ပေါ့။ အခုကျတော့ ပြည်သူတွေက သဘောပေါက်လာတဲ့အခါကျတော့ သတင်းကို သူတို့က မရတော့ ဒီအင်ဖော်မေးရှင်းကို မရအောင် လိုင်းကိုဖြတ်တောက်လိုက်တယ်လို့ ကျနော်ကတော့ထင်တယ်ပေါ့လေ။”

ချင်းပြည်နယ်အတွင်းက ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ မင်းတပ် မြို့တွေလည်း စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီက အင်တာနက်ပြတ်သွားတယ်လို့ သိရပါတယ်။

အင်တာနက်မဖြတ်ခင် တစ်နာရီအလိုလောက်က အင်တာနက်ဖြတ်မယ့် အကြောင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ အင်တာနက်ဖြတ်တောက်ပြီး စစ်တပ်က အင်အားနဲ့ ဝင်ရောက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

4 weeks Ago
Up