အင်းတော်ကြီးတွင် မူးယစ်ဆေးနှင့် လက်ပစ်ဗုံးဖမ်းမိ၊ တရားခံက ရဲကို ဓားဖြင့်ခုတ်ခုခံ

May 8, 2019

အင်းတော်ကြီးတွင် မူးယစ်ဆေးနှင့် လက်ပစ်ဗုံးဖမ်းမိ၊ တရားခံက ရဲကို ဓားဖြင့်ခုတ်ခုခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မေလ ၅ ရက်နေ့မှာ မူးယစ်ဆေးဝါးသွား ရောက်ဖမ်းဆီးခဲ့ရာမှ တရားခံက ဓားနဲ့ခုတ်ပြီး ပြန်လည်ခုခံတဲ့အတွက် လုံးထွေးဖမ်းဆီးခဲ့ရပြီး မူးယစ်ဆေးအပြင် လက်ပစ်ဗုံး ၂လုံးပါ ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ မိုးညှင်းမူးယစ်တပ်စု ၃ လုံးတုံနယ်ထိန်း၊ ဟိုပင်ပြည်သူ့စစ်နဲ့ ပန်းလား ကျေးရွာအုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးရောင်းချနေတဲ့ သတင်းအရ အင်းတော်ကြီး အိုင်လေးတူ ကျေးရွာနေ မြင့်အေးနေအိမ်ကို ရှာဖွေရာ ရဲတပ်ဖွဲ့ဝင်တွေကို ဓားရှည်နဲ့ ခုတ်ခဲ့တဲ့အတွက် ရဲတပ်ကြပ်တဦးခေါင်းမှာ ဓားဒဏ်ရာရှိပြီး လုံးထွေးသတ်ပုတ်ပြီး ဖမ်းမိခဲ့တာပါ။ မြင့်အေးလွယ်ထားတဲ့ လွယ်အိတ်ထဲက ၈ လက်မလောက်ရှည်တဲ့ ကြိုးဆွဲလက်ပစ်ဗုံး တလုံး၊ အမြင့် ၄ လက်မရှိနာနတ်သီးဗုံးတလုံး၊ ၈၈/၁ စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား ဘိန်းမဲလို့ ယူဆရတဲ့အညိုရောင်အစေး ၂၅ ဂရမ် ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ဒသမ ၀၁ ဂရမ်၊ မူးယစ်ဆေးသုံးစွဲရာမှာအသုံးပြုတဲ့ ပိုက်ရှည် ၂ ချောင်းတပ် ကော်ဗူးတခု၊ ဓားတိုရှည် ၃ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီအမှုကို မူးယစ်တပ်ဖွဲ့ ၃ မှ ရဲအုပ်အောင်ပိုင်ကတရားလိုအဖြစ် တိုင်ကြားခဲ့တဲ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ပုဒ်မ၁၉(က)/၂၂(ခ)တို့နဲ့ လုံးတုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - မုန်းမုန်းမင်း
2 years Ago
Up