အင်းတော်မြို့နယ်

September 7, 2018

ပေကုန်းရွာ ချောင်းရေတိုက်စား၍ အိမ်အချို့ ပြောင်းရွှေ့၊ ကိုယ်ထူကိုယ်ထ ရေကာတာလုပ်နေရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပေကုန်းကျေးရွာမှာ လေးတန်ချောင်းရေနှစ်စဉ် တိုက်စားတာကြောင့် နေအိမ်တွေ ရွှေ့ပြောင်းခဲ့ရပြီး ကိုယ်ထူကိုယ်ထရေကာတာ ပြုလုပ်နေရတယ်လို့ မံဟဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။ မံဟဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က “ဒီချောင်းက နှစ်တိုင်းရေမကြီးဘူး၊ မိုးများတဲ့နှစ်ဆိုရင်ရေကြီးတယ်။ အနှစ် ၂၀ ကျော်ရင် တခါကြီးတတ်တယ်။ တရွာလုံး လွှမ်းမိုးသွားတယ်။ အခုရေက သာမာန်ရေပဲ၊ ချောင်းကြမ်းပြင်က မြင့်တက်လာတော့ ရွာပေါ်ရေကျော်တယ်။ မနှစ်က ပေ ၄၀ လောက်စားသွားတယ်။ ဒီနှစ်လည်း ပေ ၃၀ လောက်စားသွားတယ်။ ကသာ ရေအရင်းမြစ်တို့က လာကြည့်တယ်၊ နည်းပညာပေးသွားတယ်၊ သဲအိတ်နဲ့ ဇီးခက်နဲ့ ချတဲ့ နည်းပညာပေးသွားတယ်။ သဲအိတ် အလုံးပေါင်း ၉ ထောင်ကျော်လောက် ကုန်သွားပြီ။ လုပ်အားက တနေ့ကို လူပေါင်း ၂၀၀ လောက်ရှိမယ်” လို့ ပြောပါတယ်။ ချောင်းရေတိုက်စားမှုကြောင့် နေအိမ်ဖယ်ရှားခံရတဲ့ ပေကုန်းရွာမှ ဒေါ်ညွန့်ညွန့်က “အခက်အခဲကတော့ရှိတယ်။ ကျမမှာ ယောက်ျားမရှိပါဘူး၊ တနေ့လုပ် တနေ့စားပါပဲ။ ကျောင်းသားတွေလည်းရှိတယ် ၁၀ တန်း တစ်ယောက်၊  ၈ တန်း တစ်ယောက်ရှိပါတယ်။မနှစ်တုန်းကလည်း တအိမ် ရေစားသွားတယ်။ နေအိမ်အားလုံး ၁၀ အိမ်လောက်ရှိပြီ။ ရေကာတာ လုပ်ရင်လုပ် မလုပ်ရင် ကျမအိမ်ပြီးရင်ကျန်တဲ့ အိမ်လည်းပါမှာပဲ”လို့ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်နယ်စပ်မှာရှိတဲ့ ပေကုန်းကျေးရွာမှာ အိမ်ထောင်စု ၆၀၀ လောက်၊ လူဦးရေ ၃ ထောင်လောက် နေထိုင်တဲ့ရွာဖြစ်ပြီး လေးတန်ချောင်းရေ နှစ်စဉ် တိုက်စားမှုမှကာကွယ်ရန် တရက်လျှင် သဲကျင်း ၄၀ လောက်နဲ့ သဲအိတ် ၉၆၀၀ ကျော် အသုံးပြုပြီး ကိုယ်ထူကိုယ်ထ ရေကာတာ ပြုလုပ်နေရတာဖြစ်ပြီး နိုင်ငံတော်အစိုးရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကိုကိုလင်း (အင်းတော်)
3 years Ago

March 14, 2017

အင်းတော်မြို့နယ်တွင် ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

  စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွာသာယာကျေးရွာအနီး မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ ဒီမနက် ၁၁ နာရီအချိန် အင်းတော်မြို့နယ် မော်တိတ်ရဲကင်းမှ  တာဝန်ရှိသူတွေဟာ ယာဉ်တိုက်မှု သတင်းအရ သက်သေတွေနဲ့အတူသွားရောက် စစ်ဆေးခဲ့ရာ အင်းတော်- ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ် ၃၀/၂ နဲ့ ၃ ကြား ရွာသာယာကျေးရွာအထွက် ကားလမ်းအတိုင်း အင်းတော်ကနေ ဗန်းမောက်ကို ရန်လင်းနိုင်မောင်းနှင်ပြီး နောက်မှ မတင်မာဌေး လိုက်ပါလာတဲ့ ကင်ဘိုအနက်ရောင်ဆိုင်ကယ်နဲ့ ဗန်းမောက်ကနေ အင်းတော်ဘက်သို့ ကျော်မြင့် မောင်းနှင်ပြီး မသန်းသန်းစိုး နောက်မှလိုက်ပါလာတဲ့ ကင်ဒါဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ ရန်လင်းနိုင်မှာ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ယာရင်အုံနာကျင်ဒဏ်ရာတို့ရရှိပြီး မတင်မာဌေးမှာ နှာဖူးပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ၀ဲပါးရိုးပွန်းပဲ့ဒဏ်ရာ၊ ယာခြေသလုံးနာကျင်ဒဏ်ရာရရှိပြီး ကျော်မြင့်မှာ နှာဖူးပေါက်ကွဲသွေးထွက်ဒဏ်ရာ၊ ၀ဲခြေသလုံး ပေါက်ပြဲဒဏ်ရာတွေ ရရှိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတဲ့အတွက် ယာဉ် မဆင်မခြင် မောင်းနှင်သူကို အရေးယူပေးပါဖို့ တိုင်ကြားထားတဲ့ အမှုဖြစ်တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးကပြောပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အင်းတော်မြို့နယ် တောင်ကြီးရွာနေသူ ရန်လင်းနိုင် (၁၉ နှစ်) နဲ့ ဗန်းမောက်မြို့နယ် ဆင်မံစီရွာသစ်နေသူ ကျော်မြင့် (၄၆ နှစ်) တို့ကို အင်းတော်မြို့မရဲစခန်းက ယာဉ် ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အရေးယူဆောက်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
5 years Ago
Up