အင်းတော်

July 29, 2019

အင်းတော်တွင် မိုးခေါင်ရေရှားပါးမှုကြောင့် တောင်သူများ စပါးစိုက်ရန် အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်ဒေသမှာ စပါးစိုက်ပျိုးချိန် ရောက်ရှိလာသော်လည်း မိုးခေါင် ရေရှားပါးမှုကြောင့်တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ လယ်ပြင်သီဘာကျေးရွာမှ ကိုစိန်ဝင်းက“ မိုးခေါင်တဲ့ အခက်အခဲကတော့ ထယ်ထိုးလို့လည်း မရပါဘူး ချောင်းထဲမှာ နွားရေသောက်စရာမရှိအောင် ဖြစ်နေတာပါ။ ရွာထဲက တုံကင်နဲ့နှိပ်ပြီးမှ နွားစာရော လူစာရော လုပ်နေရပါတယ်။ ပျိုးလည်းထောင်လို့မရဘူး။ ထောင်ထားတဲ့ပျိုးက ကလေးတွေ ပြောသလို မီးသတိပြုလို့ စာတန်းထိုးရမလို ဖြစ်နေပြီခြောက်လို့။ ရေအခက်အခဲကတော့ အဲဒီလိုဖြစ်နေတယ်။ ဘယ်သောအခါမှ မကြုံဘူးပါဘူး။ မနှစ်ကလည်း မိုးဦးကောင်းတော့ ပျိုးကြဲရတယ်။ ပျိုးထောင်ရသေးတယ်။ ဒီနှစ်က ဘာမှလုပ်စားလို့ မရတဲ့ အဆင့်ဖြစ်သွားတယ် မိုးခေါင်ချက်ကတော့” လို့ ပြောပါတယ်။ နန့်ခင့်ကျေးရွာမှ ကိုဝင်းအောင်က “ကျနော်တို့ မိုးမရွာတဲ့အတွက် ထယ်ထိုးရ ကပ်သပ်နေပါတယ်။ မိုးလာမှပဲ ထယ်ထိုးလို့ ဖြစ်မယ်။ ထယ်ထိုးလို့ ရပြန်တော့လည်း မိုးက မလာဘူး။ အခုအချိန်မှာ ငွေကြေးလိုနေတယ်။ မိုးရွာလို့ ချောင်းရေထောက်ခဲ့ရင် စက်နဲ့ဆီဝယ်ပြီး လယ်စိုက်ဖို့ စီစဉ်ထားပါတယ်။ မနှစ်က ဒီရာသီအချိန်မှာ စိုက်ပြီးသလောက်ဖြစ်နေပြီ။ ဒီအချိန်မှာ မိုးမလာတော့ ဘာလုပ်လို့မှ မရဘူး။ မိုးရွာမှပဲ ဖြစ်မယ်။ ရာသီဥတုကတော့ တတိုင်းလုံး တပြည်လုံးသိပါတယ်။ ရာသီဥတု အခြေအနေကတော့” လို့ပြောပါတယ်။ အင်းတော်ဒေသမှာ စပါးစိုက်ပျိုးတဲ့ လယ်မြေဧက ၆ သောင်းနီးပါးရှိပြီး အခုနှစ်မှာ မိုးခေါင်ရေရှားပါးမှုကြောင့် အင်းအိုင်ချောင်းတွေအတွင်းက စက်ရေတင် စိုက်ပျိုးတဲ့ လယ်ဧကမှာ နည်းပါးနေပါတယ်။
2 years Ago

April 26, 2019

အင်းတော်တွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်း နဘားလမ်းဆုံမှာ ဧပြီ ၂၆ ရက် မနက်ပိုင်းက ကျပ်သိန်း ၁ သောင်းကျော်တန်ဖိုးရှိ မှုးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူး မျိုးမင်းက ပြောပါတယ်။ မှုးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု ၆ ကသာမှ တပ်ဖွဲ့ဝင်တွေဟာ သက်သေနဲ့အတူ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွားကားလမ်း နဘားလမ်းဆုံမှာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အင်းတော်မြို့ဘက်ကနေ မိုးညှင်းမြို့ဘက်ကို မြင့်ဇော်ဦး (ခ) မျိုးဇော်ဦး မောင်းနှင်လာပြီး မင်းမင်းဦး (ခ) မင်းဦး နဲ့ ငုဝါလှိုင် လိုက်ပါလာတဲ့ SOJEN PICK UP အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်နောက် ကြမ်းခင်း အံဝှက်အတွင်းမှ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိ  ဘိန်းဖြူ အလေးချိန် ၈ ဒသမ ၃၆ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၄၅၇၅၀ ပြား ဖမ်းဆီးမိခဲ့တာပါ။ မှုးယစ်ဆေးဝါးတွေ သယ်ဆောင်တဲ့ မြင့်ဇော်ဦး (ခ) မျိုးဇော်ဦးအပါအ၀င် ၃ ဦးကို အင်းတော်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
3 years Ago
More News
Up