အင်ဖန်တီနို

A d v e r t i s e m e n t With Us

February 5, 2016

ဖီဖာဥက္ကဋ္ဌနေရာ ၀င်ပြိုင်မည့် အင်ဖန်တီနိုကို ဖာဂူဆန် ထောက်ခံ

မန်ချက်စတာယူနိုက်တက်အသင်း မန်နေဂျာဟောင်း အဲလက် ဖာဂူဆန်က ဖီဖာ ဥက္ကဋ္ဌနေရာအတွက် ၀င်ပြိုင်မယ့်  ဂီယာနီ အင်ဖန်တီနို (Gianni Infantino) ကို ထောက်ခံတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ ဖာဂူဆန်က ၂၀၁၃ ခုနှစ်မှာ သူ အနားမယူခင်အထိ ယူအီးအက်ဖ်အေ သံတမန်ဖြစ်တဲ့ အင်ဖန်တီနိုနဲ့ လက်တွဲ အလုပ်လုပ်ခဲ့တာ အဆင်ပြေတယ်လို့ ပြောပါတယ်။ အင်ဖန်တီနိုဟာ လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်၊ စည်းကမ်းရှိရှိ၊ ဘောလုံးနဲ့ပတ်သက်တဲ့ ဗဟုသုတကြွယ်ကြွယ် လုပ်ဆောင်ခဲ့တဲ့အတိုင်း ဖီဖာဥက္ကဋ္ဌအဖြစ်လည်း အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ အင်ဖန်တီနိုကို မော်ရင်ညို၊ ဖီဂိုနဲ့ ကာပယ်လိုတို့ကလည်း ထောက်ခံထားပြီး ဖြစ်ပါတယ်။ အင်ဖန်တီနိုကို ဥရောပက အဓိက ထောက်ခံထားပြီး တောင်နဲ့ အလယ်အမေရိက နိုင်ငံတွေကလည်း ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါ့အပြင် ဖီဖာရဲ့ နေစဉ် အုပ်ချုပ်ရေး ကိစ္စတွေအတွက် အာဖရိကန်တယောက်ကို တာဝန်ပေးမယ်လို့လည်း အရိပ်အမြွက် ပြောထားပါတယ်။ ဖီဖာဥက္ကဋ္ဌ ရွေးချယ်ပွဲကို ဇူးရစ်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျရင် ကျင်းပမှာ ဖြစ်ပါတယ်။ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲကို အင်ဖန်တီနို၊ ပြင်သစ်က ဂျရိုမီ  ချန်ပင်း (Jerome Champagne)၊ ဂျော်ဒန်မင်းသား အလီ ဘင် အယ် ဟူစိန် (Ali bin Al Hussein)၊ တောင်အာဖရိကနိုင်ငံက တိုကျို ဆက်ဝဲ (Tokyo Sexwale)၊ ဘာရိန်းက အီဘရာဟင် အယ် ခါလီဖာ (Ebrahim al-Khalifa) တို့လည်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၁၉၀၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ၁၁၂ နှစ် သမိုင်းမှာ ဒီတကြိမ် ရွေးချယ်ခံရသူဟာ  ၉ ယောက်မြောက် ဥက္ကဋ္ဌ ဖြစ်လာမှာပါ။
5 years Ago
Up