အင်ဒိုနီးရှား နစ်မြုပ်သင်္ဘောမှ သင်္ဘောသားများကို ရှာဖွေ

December 18, 2015

အင်ဒိုနီးရှား နစ်မြုပ်သင်္ဘောမှ သင်္ဘောသားများကို ရှာဖွေ (ရုပ်သံ)

အင်ဒိုနီးရှားရေတပ်က အင်ဒိုနီးရှားကမ်းလွန် စင်ကာပူရေလက်ကြားမှာ နစ်မြုပ်ခဲ့တဲ့ ကုန်သင်္ဘောပေါ်က ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၆ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့က ရှာဖွေ ကယ်ဆယ်နေပါတယ်။ တန်ချိန် ၁ သောင်းကျော်လေးတဲ့ နစ်မြုပ်သင်္ဘောပေါ်မှာ ဝန်ထမ်း ၁၂ ဦးရှိပြီး ဒိန်းမတ်သင်္ဘောလိုင်း သော်ကိုက လုပ်ငန်းလည်ပတ်ပါတယ်။ စင်ကာပူရေလက်ကြားမှာ ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီကျော်လောက်က ဂေးမန်းကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ဓာတုပစ္စည်းတင်သင်္ဘောနဲ့ အန်ထီဂါ ဘာဘူဒါ (Antigua and Barbuda) အလံလွှင့် ကွန်တိန်နာတင်သင်္ဘောတို့ ဒေသစံတော်ချိန် ည ၈ နာရီမှာ တိုက်မိကြတာပါ။ အင်ဒိုနီးရှားပိုင် ဘာတမ်ကျွန်းအလွန် ၇ မိုင်အကွာမှာ တိုက်မိကြတာဖြစ်ပြီး ကွန်တိန်နာ တင် သင်္ဘောကတော့ နစ်မြုပ်သွားပါတယ်။ နစ်မြုပ် ကွန်တိန်နာသင်္ဘောက လောင်စာဆီ တန်ချိန် ၅၆၀ တင်ဆောင်လာပြီး သင်္ဘောနားက ရေပြင်မှာ ဆီယိုဖိတ်မှုတချို့ ပေါ်လာပြီလို့ သတင်းတွေက ဆိုပါတယ်။ စင်္ကာပူရေလက်ကြားဟာ ကမ္ဘာ့ရေလမ်းကြောင်း အရှုပ်ဆုံးရေလက်ကြားတခုဖြစ်ပြီး အခုလို သင်္ဘောတိုက်မှုမျိုးတွေ ဖြစ်လေ့ ဖြစ်ထ မရှိပါဘူး။ ဆီတင်သင်္ဘောကတော့ နည်းနည်းပဲ ထိခိုက်ခဲ့လို့ အခြေအနေ တည်ငြိမ်တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေဟာ ကွန်တိန်နာတင် သင်္ဘောသား ၁၂ ဦးထဲက ၆ ဦးဖြစ်ပြီး ကယ်နိုင်ခဲ့တဲ့သူတွေကို စင်ကာပူ ဆေးရုံဆီ တင်ပို့ထားပြီးပြီလို့ ရေတပ် စစ်ဦးစီးမှူး အီကို စူယတ်နိုက မီဒီယာတွေကို ပြောပါတယ်။ ဆီယိုဖိတ်မှုတွေဖြစ်ရင် ချက်ချင်းတားဆီးဆောင်ရွက်နိုင်ဖို့ အထူးသင်္ဘောတစင်းကို အဆင်သင့်ပြင်ထားတယ်လို့ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ က ပြောပါတယ်။
6 years Ago
Up