အင်ဒိုနီးရှားနိုင်ငံသား

February 9, 2019

ငါးခိုးဖမ်းသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးကို ငါးဖမ်းလှေနှင့်အတူ ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် မြန်မာ့ရေပိုင်နက်မှာ တရားမဝင် ငါးခိုးဖမ်းတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦး လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၁၀း၂၀ အချိန်က ကော့သောင်းမြို့နယ် အမှတ် ၅၈ ရေတပ်စခန်းဌာနချုပ် (ဇာဒက်ကြီးကျွန်း) မှ စစ်ရေယာဉ် ၅၅၈ နဲ့ တပ်မတော်သားတွေ လှည့်ကင်းဆောင်ရွက်နေစဉ် သံကျွန်းအနောက်ဘက် ရေမိုင် (၇၀)ခန့်အကွာ မြန်မာရေပိုင်နက် ပင်လယ်ပြင်၌ KM TROYA စာတမ်းပါ အလျား ၆၂ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၇ ပေလောက်ရှိ ၆ လုံးထိုး ငါးဖမ်းစက်လှေ ၁ စီးကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ ငါးဖမ်းလှေမှာ အင်ဒိုနီးရှားနိုင်ငံသား ပဲ့နင်း ဇုလ်ဖာဒ်လ်အပါအ၀င် ကျား ၂၃ ဦးတို့ကို ဖမ်းဆီးမိခဲ့တာပါ။ ဖမ်းဆီးရမိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးအား မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးအောင်နိုင်ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၈(က)(ခ) နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။
2 years Ago
Up