အင်ဒိုနီးရှားမီးတောင်

A d v e r t i s e m e n t With Us

September 29, 2016

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၊ ကမ္ဘာလှည့်ခရီးသည်များကို အရေးပေါ်ကယ်ဆယ် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်းက လွန်းဘုခ် (Lombok) ကျွန်းမှာ မီးတောင်ပေါက်ကွဲနေလို့ မီးတောင်တကြောမှာ အပန်းဖြေခရီးထွက်နေကြတဲ့ ကမ္ဘာလှည့်ခရီးသည် ၁၀၀၀ ကျော်ကို အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ခဲ့ရပါတယ်။ လွန်းဘုခ်ကျွန်းဟာ ဘာလီကျွန်းနဲ့နီးကပ်ပြီး ဒီမီးတောင်တည်ရှိတဲ့ အမျိုးသားဥယျာဉ်ဒေသဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အလည်အပတ် အများဆုံးဒေသတခု ဖြစ်ပါတယ်။ မီးတောင်တကြော လှည့်လည်နေကြတဲ့ ခရီးသည်တွေ ရာနဲ့ချီပြီး ဆက်သွယ်လို့မရ ဖြစ်နေလို့ ရှာဖွေကယ်ဆယ်ရေးတွေ စတင်ဆောင်ရွက်နေပြီလို့ အင်ဒို အရေးပေါ်ကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။ လက်ရှိအချိန်အထိတော့ လူထိခိုက်မှု အခြေအနေ မသိရသေးပါဘူး။ မီးတောင်ပြာတွေ အမြင့်ပေ ၆၅၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီး လွန်းဘုခ်ကျွန်း နိုင်ငံတကာလေဆိပ်နဲ့ ဘာလီကျွန်း နိုင်ငံတကာလေဆိပ်တွေမှာ လေယာဉ်ခရီးစဉ်တွေ ယာယီရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒီ ဘာရူဂျာမီးတောင်ဟာ အမြင့်ပေ ၁၂၀၀၀ ကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မီးတောင်ရှင်အလုံး ၁၃၀ ထဲက ၁ လုံး ဖြစ်ပါတယ်။
4 years Ago

May 24, 2016

အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု ရွာအတော်များများ ပြာဖုံး

အင်ဒိုနီးရှားနိုင်ငံ ဆုမားတြားကျွန်းပေါ်က ဆင်နာဘန်မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် မီးတောင်အနီးတ၀ိုက်က ရွာအတော်များများ မီးတောင်ပြာတွေ ဖုံးအုပ်ကုန်ပါတယ်။ မေ ၂၂ ရက်က ပြာပူတွေနဲ့ ဓာတ်ငွေ့တွေ ထွက်လာတာကြောင့် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ရှာဖွေရေးသမားတွေကတော့ ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ ပြာတွေက ၁၂ ကီလိုမီတာအကွာရှိတဲ့ မြို့တွေအထိ ရောက်တယ်လို့ ဒေသခံ စစ်တပ်အရာရှိကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။ ပေါက်ကွဲမှုတွေ ထပ်မဖြစ်ပေမယ့်လည်း ဒေသခံတွေကိုတော့ ပေ ၈၀၇၀ မြင့်တဲ့ ဒီမီးတောင်နဲ့ ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ ဆင်နာဘန်မီးတောင်ဟာ မလှုပ်မရှားဖြစ်ခဲ့တာ နှစ်ပေါင်း ၄၀၀ ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှသာ ပြန်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း မီးတောင်လှုပ်ရှားတဲ့အတွက် လူ တဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
5 years Ago
Up