အင်ဒိုနီးရှားတွင် အမျိုးသားတဦး၏ အိတ်ကပ်အတွင်း မိုဘိုင်းဖုန်း ပေါက်ကွဲမီးလောင်

October 6, 2017

အင်ဒိုနီးရှားတွင် အမျိုးသားတဦး၏ အိတ်ကပ်အတွင်း မိုဘိုင်းဖုန်း ပေါက်ကွဲမီးလောင် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသားတဦးရဲ့ အင်္ကျီအိတ်ကပ်ထဲ ထည့်ထားတဲ့ မိုဘိုင်းဖုန်း ပေါက်ကွဲပြီး အဝတ်အစားတွေ မီးလောင်ခဲ့လို့ အမျိုးသားလည်း မြေပြင်ပေါ် လဲကျခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းရှိ စီပူထရာဟိုတယ်အတွင်း မစ္စတာယူလီရန်တိုဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ ရှပ်အင်္ကျီအိပ်ကပ်ထဲ တယ်လီဖုန်းထည့်လိုက်ပြီး စက္ကန့်ပိုင်းကြာပြီးနောက် တယ်လီဖုန်း ပေါက်ကွဲခဲ့တာကို ရုပ်သံဖိုင်ထဲမှာ ထိတ်လန့်ဖွယ် တွေ့ရပါတယ်။ ရုပ်သံထဲမှာ မစ္စတာယူလီရန်တိုက ဆူညံသံကြားပြီး တုန်ခါလာလို့ သူ့အင်္ကျီ ဘယ်ဘက်အိတ်ကပ်ထဲက ဖုန်းကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဖုန်းက မီးထွက်လာပြီး ရုတ်တရက် ပေါက်ကွဲသွားတာပါ။ အဲဒီပေါက်ကွဲမှုကြောင့် သူ မြေပြင်ပေါ် ပစ်လဲကျသွားပြီး မီးတောက်လောင်နေတဲ့ သူ့ရဲ့ရှပ်အင်္ကျီကိုလည်း အနီးအနားက လမ်းသွားလမ်းလာတဦးရဲ့ အကူအညီနဲ့ အမြန်ချွတ်ပစ်ခဲ့ရတာကို ရုပ်သံထဲမှာ မြင်တွေ့ရပါတယ်။ မစ္စတာယူလည်း မတ်တပ်ရပ်ကာ မျက်လုံးပွတ်နေတာ မြင်ရပြီး မီးတောက်က သူ့ရဲ့မျက်နှာနဲ့ အရမ်းနီးပေမယ့် သူ့ရင်ဘတ်မှာပဲ ပြတ်ရှဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ “တယ်လီဖုန်းက မစ္စတာယူ ပိုင်တဲ့ ဆမ်ဆောင်း ဂရန်ဒူယို ဖြစ်တယ်။ ဖုန်းတခုထဲမှာ ဆင်းမ်ကတ် ၂ ခု ထည့်သွင်းအသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစား" လို့ ရဲပြောရေးဆိုခွင့်ရှိသူ အောဂက်စ်ထရိုင်ရက်မိုဂျိုက အတည်ပြု ပြောကြားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဒီဖုန်းအမျိုးအစားကို စတင်မိတ်ဆက်ခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံ သတင်းဌာနတွေက ဆိုပါတယ်။ ဒေသခံသတင်းတွေအရ ဒီဖုန်းအမျိုးအစားဟာ အရင်က ပေါက်ကွဲဖူးခြင်း မရှိဘူးလို့ သိရပြီး အခင်းဖြစ်ပွားမှုအတွက် ရဲတွေကလည်း စုံစမ်းနေကြပါတယ်။ အင်ဒိုနီးရှား ဆမ်ဆောင်း အီလက်ထရောနစ်ရဲ့ မားကက်တင်းဒါရိုက်တာ ဂျိုးဆမ်မီဒန်ကလည်း အခင်းဖြစ်ပွားမှုအတွက် စုံစမ်းနေတယ်လို့ ဒေးလီးမေးလ် သတင်းဌာနကို ပြောလိုက်ပြီး “သုံးစွဲသူတွေ ဘေးကင်းရှင်းရေးက ကျနော်တို့ရဲ့ ဦးစားပေးအလုပ်ဖြစ်တယ်၊ လက်ရှိအချိန်မှာ ဖုန်းကို စစ်ဆေးနေတယ်၊ ဖြစ်သွားတဲ့ သုံးစွဲသူကို ဆက်သွယ်ပြီး လိုအပ်တဲ့ အထောက်အပံ့ ပေးသွားမယ်” လို့ ဂျိုးဆမ်မီဒန်က ပြောကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up