အင်ဒိုနီးရှားနိုင်ငံ စူမားတြားခရိုင်က ဒေသခံတွေဟာ မတ်လ ၂ ရက်နေ့က ကျွန်းပေါ်မှာ ငလျင်လှုပ်အပြီး ဘေးလွတ်ရာ ကုန်းမြင့်ပေါ်ကို ထွက်ပြေးခဲ့ကြလို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဆူနာမီ သတိပေးချက်တွေကို ဖျက်သိမ်းခဲ့လို့ ကနဦး ကြောက်လန့်မှုတွေ လျော့ပါးခဲ့ကြပါတယ်။
သြစတြေးလျနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်အပြီး ၂ နာရီအတွင်း ဆူနာမီ သတိပေးမှုတွေ ဆော်သြခဲ့တာပါ။
ငလျင်ကြောင့် စူမားတြားကျွန်းပေါ်မှာ လူအသေအပျောက်နဲ့ အဆောက်အဦ အပျက်အစီး ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက အရာရှိတွေက အစောပိုင်းမှာ လူအသေအပျောက် နည်းနည်းရှိတယ်လို့ အစီရင်ခံပေမယ့် နောက်ပိုင်းမှာ အစီရင်ခံစာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ပဒန်ဒေသရဲ့ အနောက်တောင်ဘက် ၅၀၂ မိုင်အကွာ မြေအောက် ၁၅ မိုင် အနက်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာပါ။
အမျိုးသားကပ်ဘေး သက်သာရေး အေဂျင်စီကတော့ ဆူနာမီ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။
၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာအတွင်း ငလျင်လှုပ်ချိန် ဆူနာမီရေလှိုင်းတွေ တက်ခဲ့လို့ အာချေးပြည်နယ် တခုတည်းမှာတင် လူ ၁၂၆၇၄၁ ဦး သေဆုံးခဲ့ဖူးပါတယ်။
နိုင်ငံပေါင်း ၁၂ နိုင်ငံက ရွာတွေ၊ ရပ်ကွက်တွေ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာ့ ကျောက်လွှာချပ်ကြီး ၂ ခုကြားမှာ ရှိလို့ မီးတောင်တွေ အမြောက်အမြားရှိပြီး ငလျင်လှုပ်ခတ်မှုကို အများအပြား ခံစားရလေ့ ရှိပါတယ်။
5 years Ago