အင်ဒိုနီးရှားငလျင်

March 4, 2016

အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့် အင်ဒိုနီးရှားတွင် အခြေအနေ ပုံမှန်ပြန်ဖြစ်

အင်ဒိုနီးရှားနိုင်ငံမှာ မတ်လ ၂ ရက်က အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရပေမယ့် အခုတော့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပါပြီ။ ဆူမားတြားကျွန်းကို လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇ ဒသမ ၈ ရှိခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးတာ မရှိသလို လူအသေအပျောက်လည်း မရှိခဲ့ပါဘူး။ ငလျင်ရဲ့ဗဟိုချက်က အနောက်တောင်ပိုင်း ကမ်းခြေမြို့ဖြစ်တဲ့ ပါဒေါင်းမြို့ကနေ မိုင် ၅၀၀ ကျော်အကွာ၊ မြေအောက် ၁၅ မိုင်အကွာ ဖြစ်ပါတယ်။ ဆူမားတြားဟာ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီဒဏ်ကို ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ အခုတခေါက်မှာလည်း ငလျင်ကြီးအပြီးမှာ နောက်ဆက်တွဲငလျင် ၆ ကြိမ်လောက် လှုပ်ခဲ့ပေမယ့် ဆူနာမီ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ နိုင်ငံရဲ့ သဘာဝကပ်ဘေး ကြိုတင်ကာကွယ်ရေးဌာနက ကြေညာပါတယ်။ ၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဆူနာမီတုန်းက ငလျင်ပြင်းအား ၉ ဒသမ ၁ ကျော်ကျော် ရှိခဲ့ပြီး ပေ ၆၀ နီးပါးမြင့်တဲ့ လှိုင်းလုံးတွေ ကမ်းခြေကို ၀င်ရောက်ခဲ့ပါတယ်။ အာချေးပြည်နယ် တခုတည်းမှာ လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှားဟာ ပစိဖိတ်ဒေသထဲ ငလျင်ကျော်ပေါ်မှာ တည်ရှိပြီး အသက်ဝင်ပေါက်ကွဲနိုင်တဲ့ မီးတောင်တွေ တည်ရှိရာ ဒေသထဲမှာ ကျရောက်နေပါတယ်။
6 years Ago

March 3, 2016

အင်ဒိုနီးရှားတွင် ငလျင်လှုပ်အပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး

အင်ဒိုနီးရှားနိုင်ငံ စူမားတြားခရိုင်က ဒေသခံတွေဟာ မတ်လ ၂ ရက်နေ့က ကျွန်းပေါ်မှာ ငလျင်လှုပ်အပြီး ဘေးလွတ်ရာ ကုန်းမြင့်ပေါ်ကို ထွက်ပြေးခဲ့ကြလို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆူနာမီ သတိပေးချက်တွေကို ဖျက်သိမ်းခဲ့လို့ ကနဦး ကြောက်လန့်မှုတွေ လျော့ပါးခဲ့ကြပါတယ်။ သြစတြေးလျနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်အပြီး ၂ နာရီအတွင်း ဆူနာမီ သတိပေးမှုတွေ ဆော်သြခဲ့တာပါ။ ငလျင်ကြောင့် စူမားတြားကျွန်းပေါ်မှာ လူအသေအပျောက်နဲ့ အဆောက်အဦ အပျက်အစီး ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက အရာရှိတွေက အစောပိုင်းမှာ လူအသေအပျောက် နည်းနည်းရှိတယ်လို့ အစီရင်ခံပေမယ့် နောက်ပိုင်းမှာ အစီရင်ခံစာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ပဒန်ဒေသရဲ့ အနောက်တောင်ဘက် ၅၀၂ မိုင်အကွာ မြေအောက် ၁၅ မိုင် အနက်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာပါ။ အမျိုးသားကပ်ဘေး သက်သာရေး အေဂျင်စီကတော့ ဆူနာမီ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာအတွင်း ငလျင်လှုပ်ချိန် ဆူနာမီရေလှိုင်းတွေ တက်ခဲ့လို့ အာချေးပြည်နယ် တခုတည်းမှာတင် လူ ၁၂၆၇၄၁ ဦး သေဆုံးခဲ့ဖူးပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံက ရွာတွေ၊ ရပ်ကွက်တွေ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာ့ ကျောက်လွှာချပ်ကြီး ၂ ခုကြားမှာ ရှိလို့ မီးတောင်တွေ အမြောက်အမြားရှိပြီး ငလျင်လှုပ်ခတ်မှုကို အများအပြား ခံစားရလေ့ ရှိပါတယ်။
6 years Ago
Up