အဖွဲ့ဝင် ၅၀ ကျော်ပါ မြန်မာနိုင်ငံကိုယ်စားပြု အားကစားအဖွဲ့ဟာ ၁၁ ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။
ဒေသတွင်း အာဆီယံနိုင်ငံတွေက ကျောင်းသူကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဒီပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆီမာရန်မြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ကစားနည်း ၅ မျိုးမှာ အားကစားသမား ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေကတော့ ပြေးခုန်ပစ်၊ ဘော်လီဘော (အမျိုးသား)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်တို့ဖြစ်ပြီး အားကစားသမားဦးရေ ၃၅ ဦး၊ အုပ်ချုပ်သူ ၁၇ ဦး၊ စုစုပေါင်း ၅၂ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်မှာပါ။
မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက “ဆုတံဆိပ်ကတော့ မှန်းပါတယ်။ အကောင်းဆုံးတော့ ပြိုင်သွားမှာပါ။ ကလေးတွေက တနှစ်နဲ့တနှစ် စံချိန်မတူတော့ ဘယ်လောက်ရနိုင်တယ်လို့ အတိအကျ မမှန်းနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီပြိုင်ပွဲအတွက် မြန်မာတပြည်လုံးရှိ အခြေခံကျောင်းတွေနဲ့ အားကာသိပ္ပံကျောင်းတွေက ထူးချွန်အားကစားသမားတွေကို မေလ ၂၅ ရက်က စတင်လူရွေးချယ်ခဲ့ပြီး ဇွန်လ ၁၆ ရက်က စတင် စခန်းသွင်း လေ့ကျင့်ပေးခဲ့ပါတယ်။
ပြေးခုန်ပစ်၊ ဘော်လီဘောနဲ့ ပိုက်ကျော်ခြင်း အားကစားသမားတွေကို အားကစား လေ့ကျင့်ရေးစခန်း နေပြည်တော်မှာ လေ့ကျင့်ပေးခဲ့ပြီး တင်းနစ်နဲ့ စားပွဲတင်တင်းနစ် အားကစားသမားတွေကိုတော့ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအဖွဲ့ချုပ်တွေမှာ လေ့ကျင့်ပေးခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ မူလက ပြေးခုန်ပစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ရေကူးနဲ့ ဘော်လီဘော် အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် ဘဏ္ဍာရန်ပုံငွေ နည်းပါးတာကြောင့် ပြိုင်ပွဲစတင်ခါနီး ဇူလိုင် ၅ ရက်နေ့ကမှ ကြက်တောင်နဲ့ ရေကူးအားကစားနည်း ၂ မျိုးကို စခန်းသွင်း လေ့ကျင့်နေတာ ရပ်နားခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။
သတင်း - ဟန်တိုးစံ
4 years Ago