အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုကို စွဲနေတဲ့ ကလေးငယ်အရေအတွက်ဟာ တနေ့တခြား တိုးပွားလာနေပြီး ဒါဟာ တကယ့်ကို အရေးကြီးတဲ့ ပြဿနာတခု ဖြစ်လာနေတယ်ဆိုတာ ဒီကလေးက သက်သေပြနေပါတယ်။
အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ အဲဒီကလေးငယ်ဟာ ဂျာဗားပြည်နယ်အနောက်ပိုင်း၊ ဆူကာဘူမိဒေသမှာ နေထိုင်ပြီး သူ့ရဲ့နာမည်ကိုတော့ ရက်ပ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
သူဟာ ခုလို စွဲစွဲလမ်းလမ်း ဆေးလိပ်စွဲနေခဲ့တာ ၁ လခွဲနီးပါးလောက် ရှိခဲ့ပြီဖြစ်ကာ တနေ့ကို ဆေးလိပ် ၂ ဘူးကုန်အောင် သောက်တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူ မာရတီကတော့ သားဖြစ်သူဟာ ကြမ်းပြင်ပေါ်က စွန့်ပစ် စီးကရက်ဖင်ဆီခံတွေကို ကောက်ယူ ရှူရှိုက်ရာကတဆင့် စွဲသွားခဲ့တာလို့ ပြောပါတယ်။
“စီးကရက်ဖင်ပိုင်းတွေကို ကောက်ယူတာက စတာပဲ။ ခုတော့ သူ ဆေးလိပ်သောက်တတ်နေပြီ။”
ဖခင်ဖြစ်တဲ့ မစ်စ်ဗာဟူဒင်ကတော့ တခါတရံမှသာ ဆေးလိပ်သောက်သူတဦးဖြစ်ပြီး သားဖြစ်သူရဲ့ ခုလိုအမူအကျင့်အတွက် အံ့သြမိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒါကိုဖြေရှင်းဖို့ မိဘတွေက ပြန်လည်ကုသရေး စင်တာတခုခုဆီ ပို့ဆောင်ကုသနိုင်ဖို့ အဖြေရှာနေကြတာ ဖြစ်ပါတယ်။
ရက်ပ်ရဲ့ ဆေးလိပ်စွဲနေတဲ့ ပြဿနာအပေါ် အစိုးရက ဝင်ရောက်ဖြေရှင်းတာမျိုး၊ ကလေးငယ်အပေါ် လျစ်လျူရှုထားတဲ့ မိဘတွေကို ပြစ်မှုဆိုင်ရာ စွဲချက်တင်တာမျိုးတွေတော့ လက်ရှိမှာ ဘာမှ မသိရသေးပါဘူး။
တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ အင်ဒိုနီးရှားနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ နီးပါးဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဆေးလိပ်သောက်သုံးမှုနှုန်းဟာလည်း မြင့်တက်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ နှစ်စဉ် ခန့်မှန်းခြေ ၂ သိန်းလောက် ရှိနေတယ်လို့ ဆိုပါတယ်။
5 years Ago