အင်ဒို မြေငလျင်ကြောင့်

December 8, 2016

အင်ဒို မြေငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ထောင်နဲ့ချီ အရေးပေါ် ပြောင်းရွှေ့

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသမှာ မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၂ ဦးရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ “သေဆုံးသူ ၁၀၂ ဦးရှိပါတယ်။ တဦးပျောက်ဆုံးနေပြီး နောက်ထပ် ၁၃၆ ဦးပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားပြီး ၆၁၆ ဦးကတော့ ဒဏ်ရာအနည်းငယ် ရရှိပါတယ်။ စုစုပေါင်း လူ ၃၂၇၆ ဦးကို အရေးပေါ် နေရာပြောင်းရွှေ့ထားပါတယ်”လို့ အင်ဒိုနိးရှား အမျိုးသား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးအေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ရှင်းပြခဲ့ပါတယ်။ စစ်တပ်၊ ရဲ နဲ့ စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၀၀ ကျော်ပူးပေါင်းပြီး မြေအောက်အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကြိုးစားရှာဖွေနေတယ်လို့လည်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့က ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ၂၀၀၄ ခုနှစ်ကလည်း အာချေးဒေသမှာ ပြင်းအား ၉ ဒသမ ၂ ရှိ ရေအောက်မြေငလျင်လှုပ်ခတ်ပြီး ဆူနာမီလှိုင်း အကြီးအကျယ်ရိုက်ခတ်ခဲ့တာကြောင့် လူ  ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပါတယ်။
5 years Ago
Up