အင်ဒိုအလှမယ်

August 25, 2017

ဘီကီနီဝတ် အင်ဒိုအလှမယ်လေးများ၏ Sexy ကျကျအလှရုပ်သံ ဝေဖန်မှုမြင့်တက်

အင်ဒိုနီးရှားနိုင်ငံမှာ ဘီကီနီဝတ်စုံဝတ် အလှမယ် ၄ ယောက်ရဲ့ ကမ်းခြေမှာ Sexy ကျကျ ရိုက်ကူးထားခဲ့တဲ့ အလှရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ၂၀၁၇ ခုနှစ် ပျူထရီအင်ဒိုနီးရှားအလှမယ်ပြိုင်ပွဲရဲ့ ဆုရအလှမယ် ဘန်ဂါ ဂျလီသာ အပါအဝင် နောက်ဆုံးအဆင့် ဆန်ကာတင်ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ ဒီရာရစ်ဇ်ခီတာ၊ ခရီနာ နာဒီလာနဲ့ ကီဗင်လီလီယန်နာတို့ဟာ ကမ်းခြေမှာ ဘီကီနီဝတ်စုံတွေနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မယ်စကြာဝဠာပြိုင်ပွဲအဖြစ် နာမည်ကြီးပြီး ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာလီကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တချို့ကလည်း အလှမယ်တွေအပေါ် အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပြီး တချို့ကလည်း ဆိုးဆိုးဝါးဝါး မှတ်ချက်တွေနဲ့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝေဖန်မှတ်ချက်ရေးသူတဦးက “အိုး… ဘုရားသခင်။ ဒါဘာလဲ၊ ပျူထရီအင်ဒိုနီးရှားမယ်ပေါ့။ ဒါပေမယ့် အနောက်တိုင်းကလိုပဲ” လို့ ရေးခဲ့တာပါ။ နောက်တဦးကလည်း “မင်းအနေနဲ့ ခုလိုလုပ်လို့ရတယ်။ ဒါပေမယ့် မင်း မွတ်ဆလင်ဆိုတာကို သိရမယ်” လို့ ဝေဖန်ခဲ့ပါတယ်။ တချို့ကလည်း မလုံခြုံတဲ့ ဝတ်စားဆင်ယင်မှုအပေါ် ပြစ်တင်ပြောဆိုနေကြပြီး အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုမယ့် အလှမယ်အနေနဲ့ ခုလိုမဖြစ်သင့်ဘူးလို့ ပြောနေကြတာပါ။ ပွဲကျင်းပတဲ့ အဖွဲ့အစည်းမှ တာဝန်ရှိသူတွေဟာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရပြီး ခုလို ပြစ်တင်ရှုတ်ချနေတာတွေကို ဖြေရှင်းခဲ့ရပါတယ်။ “ဒီကိစ္စမှာ ကောင်းတာရော၊ ဆိုးတာရော ရှိမှာပါပဲ။ ဒါပေမယ့် အရာအားလုံးဟာ နေရာဒေသပေါ်မှာ အခြေခံရမှာပဲလေ။ ဟုတ်တယ်မဟုတ်ဘူးလား” လို့ ပြောရေးဆိုခွင့်ရသူတွေက ပြောလိုက်ပါတယ်။ သူတို့အနေနဲ့ ကမ်းခြေမှာ အလှမယ်တွေနဲ့ အလှဓာတ်ပုံရိုက်ကူးမှုမှာ နေရာဒေသနဲ့ လိုက်ဖက်တဲ့ ဘီကီနီဝတ်စုံတွေကို ဝတ်ဆင်စေတာဟာ သဘာဝအရှိအတိုင်းပဲ ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲတွေနဲ့ ဝေဖန်ပြစ်တင်သူတွေကြားမှာ ဒီကိစ္စအပေါ် အငြင်းပွားမှုတွေဟာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
4 years Ago
Up