အင်ဒိုအမျိုးသမီး

June 17, 2018

ပျောက်ဆုံး အင်ဒိုအမျိုးသမီးကို စပါးအုံးမြွေကြီး၏ ဝမ်းဗိုက်ထဲ ရှာတွေ့ (ရုပ်သံ)

ပျောက်ဆုံးနေတဲ့ အင်ဒိုနီးရှားအမျိုးသမီးတဦးကို စပါးအုံးမြွေကြီးတကောင်ရဲ့ ဗိုက်အတွင်းမှ ပြန်လည်ရှာတွေ့ခဲ့တယ်လို့ The Japan Times သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ကမ်းလွန် မူနာကျွန်းမှာရှိတဲ့ ပါစီယာပန် လာဝီလာဆိုတဲ့ ရွာမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ် ဝါတီဘာဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က သူမရဲ့ဥယျာဉ်တွင်းမှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ သူမပျောက်ဆုံးသွားပြီးနောက် ဆွေမျိုးတွေနဲ့ ရွာသူရွာသား ၁၀၀ ကျော်က လိုက်လံရှာဖွေ ခဲ့ကြပြီး ဝါတီဘာရဲ့ ဥယျာဉ်အနီးမှာ ၇ မီတာ (၂၃ ပေ) ရှည်လျားတဲ့ မြွေကြီးတကောင်ကို သာ ရှာတွေ့ခဲ့ပါတယ်။ ဒီမြွေဟာ ဝါတီဘာကို မျိုထားတယ်လို့ သံသယရှိတဲ့အတွက် ရွာသားတွေက မြေကိုသတ်ပြီး ဗိုက်ခွဲကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုက်ခွဲကြည့်ချိန်မှာမှ ဝါတီဘာရဲ့ အလောင်းကို ရှာတွေ့ခဲ့တာဖြစ်ပြီး မြွေက ဝါတီဘာကို ခေါင်းက စမျိုခဲ့တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိ ဟမ်ကာက ပြောပါတယ်။ ဝါတီဘာရဲ့ ဥယျာဉ်ဟာ ချောက်ကမ်းပါးတခုနားမှာ တည်ရှိပြီး ချောက်ကမ်းပါးဟာ လိုဏ်ဂူတွေနဲ့ ပြည့်နှက်နေကာ မြွေများပေါများရာ အရပ်ဖြစ်တယ်လို့လည်း ဟမ်ကာက ပြောပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အရှည် ၆ မီတာလောက်ရှိတဲ့ မြွေကြီးတွေကို မကြာခဏဆိုသလို မြင်တွေ့ရပြီး မြွေတွေက တိရစ္ဆာန်ငယ်တွေကို တိုက်ခိုက်မှုအချို့ရှိပေမယ့် ဒီလိုမျိုး လူကိုတိုက်ခိုက်ခြင်းက မရှိသလောက်နည်းပါးတဲ့ ကိစ္စလည်းဖြစ်ပါတယ်။
3 years Ago
Up