အင်ဒိုနီးရှားနိုင်ငံ တောနက်တွေထဲမှာ နေထိုင်ကြပြီး အပြင်ကမ္ဘာနဲ့ အဆက်အစပ် မရှိကြတဲ့ ကော်ရိုဝေ (Korowai) ရှားပါး လူသားစား မျိုးနွယ်စုတွေရဲ့ ဓာတ်ပုံတွေ တကျော့ပြန် ထွက်ပေါ်လာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ သြဂုတ် ၁၇ ရက်နေ့က ဖော်ပြပါတယ်။
လူသူမနီးတဲ့ တောကြီးမျက်မည်းထဲ သစ်ပင်တွေပေါ်မှာ အိမ်ဆောက်နေထိုင်လေ့ရှိကြတဲ့ သူတို့လူမျိုးစုတွေ အသက်ရှင်နေထိုင်ကြတယ်ဆိုတာကို ၁၉၇၀ ပြည့်နှစ် မတိုင်ခင်အထိ ဘယ်သူကမှ မသိခဲ့ကြပါဘူး။
သူတို့ရဲ့ အံ့သြလောက်ဖွယ် စွမ်းရည်တွေကတော့ အမဲလိုက်နိုင်တာမျိုး၊ ငါးဖမ်းစွမ်းရည်နဲ့ စိုက်ပျိုးမှုဆိုင်ရာ စွမ်းရည်တွေ၊ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တည်ဆောက်မှုတွေနဲ့ တနေရာကနေ တနေရာ ရွှေ့ပြောင်းသွားလာ နေထိုင်နိုင်တာမျိုးပဲ ဖြစ်ပါတယ်။
ဒီပုံတွေထဲမှာတော့ သစ်ပင်တွေပေါ်က နေအိမ်ဆောက်လုပ်နေထိုင်မှုတွေ၊ အမဲလိုက်စွမ်းရည် ပြကွက်တွေနဲ့ ရင်သွေးကလေးငယ်တွေကို ပိုက်ကွန်ပုံစံလွယ်ပိုးကာ ပုခုံးပေါ် ထမ်းပြီး သယ်ဆောင်သွားလေ့ရှိကြတဲ့ ရှားပါးဓာတ်ပုံတွေကို တွေ့ကြရမှာပါ။
တခြားပုံတွေထဲမှာတော့ နှာခေါင်းမှာ ကြီးမားလှတဲ့ ကွင်းကြီးတကွင်း တပ်ဆင်ထားတဲ့ မျိုးနွယ်စု အမျိုးသားတဦးပုံနဲ့ ကိုယ်ထီးတည်းဗလာအခြေအနေနဲ့ မီးပုံဘေးမှာ ကလေးနို့တိုက်နေခဲ့တဲ့ မျိုးနွယ်စု အမျိုးသမီးတဦးရဲ့ ပုံကိုလည်း တွေ့ရပါတယ်။
ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူကတော့ အဲရစ်ခ် ဘက်ဆီဂါဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တုန်းက ပါပူဝါနယူးဂီနီကျွန်းဆီ စွန့်စားခရီးသွားခဲ့ချိန်မှာ မှတ်တမ်းတင်ထားခဲ့တာပါ။
လက်ရှိမှာတော့ ဒီပုံတွေရဲ့သက်တမ်းဟာ ၁၇ နှစ်လောက်ရှိနေခဲ့ပြီး တကျော့ပြန် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
သူတို့မျိုးနွယ်စုတွေရဲ့ လူဦးရေဟာ လက်ရှိမှာ ၃၀၀၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်လာတာပါ။
ဒီမျိုးနွယ်စုတွေဟာ ယဇ်ပူဇော်မှုတွေနဲ့ လူသားစားတဲ့ အလေ့အထရှိတယ်လို့ ပြောနေကြပေမယ့် မနုဿဗေဒပညာရှင်တွေကတော့ သူတို့တွေဟာ တခြားလူတွေနဲ့ ပတ်သက်မှုတွေ မကြာခဏရှိတာမို့ လက်ရှိကာလမှာတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ သံသယရှိနေကြတာပါ။
သူတို့ရဲ့အကြောင်းကို သတင်းမီဒီယာတွေနဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတွေမှာ ရေးသားရိုက်ကူးခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ မျိုးနွယ်စုတွေထဲက တချို့ကလည်း နီးစပ်ရာ ကျေးရွာတွေဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - Eric Baccega/NPL/Media Drum World
5 years Ago