အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်သို့  မြန်မာ့ဆန် ပြန်လည်တင်ပို့နိုင်ရေး ကြိုးပမ်းစေလို

July 30, 2019

အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်သို့  မြန်မာ့ဆန် ပြန်လည်တင်ပို့နိုင်ရေး ကြိုးပမ်းစေလို 

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ပြီးခဲ့နှစ်တွေက ဆန် တင်ပို့နိုင်ခဲ့ပေမယ့် အခုနောက်ပိုင်း မတင်ပို့နိုင်တော့တာဟာ မဖြစ်သင့်ဘူးလို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။ “မနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ G to G တန် ၁ သိန်းလုပ်တယ်။ ဒီနှစ် G to G ဖြစ်မလာသေးပါဘူး။ အင်ဒိုနီးရှားနဲ့အရင်က လုပ်ခဲ့တယ်။ ထပ်ပြီးဖြစ်မလာပါဘူး။ ဒါလေးတွေကလည်း မဖြစ်သင့်တဲ့ သဘောတော့ သက်ရောက်ပါတယ်” လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။ အရင်နှစ်က ပြည်ပကို မြန်မာဆန်တန်ချိန် ၃ ဒဿမ ၅ သန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ တရုတ်နိုင်ငံနယ်စပ်ကနေ ၀ယ်ယူမှုမရှိတော့တာကြောင့် ဆန်တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတချို့နဲ့ အစိုးရအချင်းချင်းချိတ်ဆက်ပြီး ဆန်တင်ပို့မှုတွေကိုလည်း မလုပ်နိုင်တော့တဲ့အတွက် ပြည်ပကို ဆန်တင်ပို့မှု အရင်နှစ်ထက် ကျဆင်းခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ ဇွန်လအထိ ၉ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၁ ဒဿမ ၇ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဆန်တန်ချိန် ၁ ဒဿမ ၄ သန်းကျော် တင်ပို့ထားတယ်လို့ ဆိုပါတယ်။
2 years Ago
Up