အင်ဒိုနီးရှားနိုင်ငံသူ

March 11, 2019

ကင်ဂျုံနမ်သတ်မှု သံသယဖြင့် ထိန်းသိမ်းခံထားရသည့် အင်ဒိုနီးရှားနိုင်ငံသူအား ပြန်လွှတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူအမေကွဲ အစ်ကို ကင်ဂျုံနမ် အသတ်ခံရမှုအတွက် စွပ်စွဲခံရသူ အင်ဒိုနီးရှားနိုင်ငံသူကို မလေးရှားတရားရုံးက လူသတ်မှုစွဲချက်တွေ အားလုံးကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် အမှုအားလုံးကိုလည်း ရုပ်သိမ်းလိုက်ပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၁၁ ရက်မှာ အတည်ပြုပါတယ်။ အသက် ၂၆ နှစ်အရွယ် မလေးရှားနိုင်ငံသူ စစ်တီ အိုက်စီယာဟာ တားမြစ်ပိတ်ပင်ထားတဲ့ VX ဓာတုအဆိပ်ရည်နဲ့ ကင်ဂျုံနမ်ကို ကွာလာလမ်ပူ လေဆိပ်ထဲမှာ အဆိပ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူနဲ့အတူ တရားစွဲခံခဲ့ရတဲ့ အသက် ၃၀ အရွယ် ဗီယက်နမ်အမျိုးသမီး ဒွန်သိဟွမ်းကတော့ ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ စစ်တီအိုက်စီယာကို တနင်္လာနေ့ မွန်းလွဲပိုင်းမှာ အင်ဒိုနီးရှားမြို့တော် ဂျကာတာကို ပြန်ခေါ်လာဖို့ ပြင်ဆင်နေတယ်၊ သူပြန်လာတာဟာ အစိုးရရဲ့ အားထုတ်မှုကြောင့်ပဲလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးပြောခွင့်ရ အာမနာသာ နတ်စီယာက ပြောပါတယ်။ အမှုအနေအထားအရ ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားသူလျှိုတွေ စီစဉ်တဲ့ အကွက်ချမှုရဲ့ သားကောင်ဖြစ်တယ်၊ သူလျှိုတွေကတော့ လူသတ်မှုအပြီး နာရီပိုင်းအတွင်း မလေးရှားနိုင်ငံထဲကနေ ထွက်သွားပြီ၊ အမျိုးသမီး နှစ်ဦးကတော့ နိုင်ငံရေးလုပ်ကြံမှုရဲ့ ထိုးကျွေးခံ သက်သက်ပဲလို့ သံသယ ရှိနေကြပါတယ်။
3 years Ago
Up