အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာရှိ မြန်မာသံရုံးအပါအ၀င် တခြားထင်ရှားတဲ့ နေရာတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတဲ့ စစ်သွေးကြွ ၂ ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရသူ ရစ်ကွမ်တိုက “သူတို့ဟာ အင်ဒိုနီးရှား အမျိုးသားရဲဌာနချုပ်၊ မြန်မာသံရုံးနဲ့ နိုင်ငံတွင်း တခြားရုပ်သံလွှင့်ရုံတွေကိုပါ ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်ထားခဲ့ကြတာပါ” လို့ ပြောပါတယ်။
ဗုံးထောင်ဖောက်ခွဲမှုပြုလုပ်မယ့် သံသယရှိသူ အသက် ၂၃ နှစ်အရွယ် ရီယိုပရီ ရက်တ်နာဝီဘဝကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က အနောက်ဂျာဗားပြည်နယ် နေအိမ်မှာ ဗုံးပြုလုပ်ရာမှာ ပါဝင်တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့အတူ အရင်ဖမ်းမိခဲ့တာပါ။
သူ့ဆီမှာ ဖမ်းဆီးရမိတဲ့ ဖောက်ခွဲပစ္စည်းတွေရဲ့ ပမာဏဟာ ၂၀၀၂ ခုနှစ်တုန်းက ဘာလီ နိုက်ကလပ်မှာ လူ ၂၀၀ ကျော် သေဆုံးစေခဲ့တဲ့ ဗုံးပေါက်ကွဲမှုအင်အားရဲ့ ၂ ဆလောက်ရှိမယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ရေးသားဖော်ပြပါတယ်။
နောက်ထပ်သံသယရှိသူ စစ်သွေးကြွတဦးဖြစ်တဲ့ ဘာရိန်းအာဂမ်ကိုတော့ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက အာချေးပြည်နယ် မြောက်ပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး တတိယ တဦးဖြစ်တဲ့ စိုင်ဖူဘဟာရီကိုတော့ ဘန်တန်ပြည်နယ်မှာ နိုဝင်ဘာ ၂၈ ရက်က ဖမ်းမိခဲ့တာပါ။
ခုလက်ရှိ ဖမ်းဆီးရမိထားတဲ့ သံသယရှိသူ ၃ ဦးစလုံးဟာ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ဂျမားအန်ဆာဒူလာ အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့မှဖြစ်ပြီး သူတို့ဟာ အိုင်အက်စ်တွေနဲ့ ဆက်စပ်နေတယ်လို့လည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီနှစ်ထဲမှာ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) နဲ့ ဆက်စပ်တဲ့ တိုက်ခိုက်မှုတွေ အင်ဒိုနီးရှားနိုင်ငံထဲမှာ ဆက်တိုက်ဖြစ်ခဲ့ပြီး အဲ့ဒီအထဲက အကြီးဆုံးတခုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ မြို့တော် ဂျကာတာ ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ပါတယ်။
4 years Ago