အင်ဒိုနီးရှားလေတပ်မှ လေယာဉ်ပျက်ကျ၊ ၁၃ ဦးသေဆုံး

December 18, 2016

အင်ဒိုနီးရှားလေတပ်မှ လေယာဉ်ပျက်ကျ၊ ၁၃ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် ပါပူရာခရိုင် အစွန်ဘက်မှာ အင်ဒိုနီးရှားလေတပ်ပိုင် ဟာကျူလီ လေယာဉ်အမှတ် C-130 ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသူ ၁၃ ဦးလုံး သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်မောင်း ၃ ဦးနဲ့ အခြားစစ်ဖက်အရာရှိ ၁၀ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုက လေယာဉ်ပျက်ကျစေတာလို့ သံသယရှိကြောင်း လေတပ်ရဲ့ ဝန်ထမ်းအကြီးအကဲဖြစ်သူ သြဂတ်စ်ဆူပရီရက်နာက မက်ထရိုရုပ်သံသတင်းကို ပြောပါတယ်။ ဒီဇင်ဘာလ ၁၈ ရက် အစောပိုင်းမှာ တီမီကာမြို့မှ ဝါမန်နာမြို့ကို ရိက္ခာတွေသယ်ဆောင်ပေးလာတဲ့ လေတပ်ရဲ့ယာဉ် ဟာကျူလီဟာ သွားမယ့်ခရီးစဉ်ကို ရောက်ခါနီး တောင်တွေရှိတဲ့နေရာနားမှာ ပျက်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေရဲ့အလောင်းကို ဝါမန်နာမြို့ကို သယ်ဆောင်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီရဲ့ ဆောင်ရွက်ရေး ဒရိုက်တာက ရိုက်တာသတင်းဌာနကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်က ဒေသစံတော်ချိန် မနက် ၅ နာရီ ၃၅ မိနစ်မှာ တီမီကာမြို့က ထွက်ခွာခဲ့ပြီး ဝါမန်နာမြို့ကို မနက် ၆ နာရီ ၁၃ မိနစ်မှာ ရောက်ရှိရမှာလို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ လေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ပတ်သက်ရင် အဆင့်နိမ့်တဲ့ မှတ်တမ်းရှိပြီး ၂၀၁၅ ခုနှစ် ဇွန်လကလည်း နိုင်ငံရဲ့ လေတပ်ပိုင် အခုပျက်ကျတဲ့ လေယာဉ်နဲ့ အမျိုးအစားတူ လေယာဉ်တစ်စီးလည်း မီဒန်မြို့လေဆိပ်မှ ထွက်ခွါပြီးချင်းမှာပဲ ပျက်ကျခဲ့ပါသေးတယ်။
5 years Ago
Up