အင်ဒိုနီးရှားသမ္မတ

October 4, 2018

သဘာဝဘေးသင့် စူလာဝေစီ ပြည်နယ်သို့ အင်ဒိုနီးရှားသမ္မတ ထပ်မံလာရောက်

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုဟာ အင်အား ရစ်ချတ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်နဲ့ ပေ ၂၀ မြင့်တဲ့ ဆူနာမီ ကပ်ဘေးသင့်ရာ စူလာဝေစီ ပြည်နယ်ကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၃ ရက်က ရောက်လာပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် ဒီဒေသမှာ လူအယောက် ၁၄၀၀ ကျော် သေဆုံးခဲ့တာဖြစ်ပြီး ငလျင်အပြီး ငါးရက်အကြာ အကူအညီတွေ အဆင်ပြေမှု ရှိမရှိ လာစစ်တာပါ။ သေဆုံးကြောင်း အတည်ပြုနိုင်မှု အများစုဟာ ပါလူမြို့ပေါ်ကချည်း ဖြစ်ပါတယ်။ ကျွန်းရဲ့ ဝေးလံသီခေါင်တဲ့ နေရာတွေဆီ မသွားနိုင်သေးလို့ အဲဒီနေရာတွေက သေဆုံးပျက်စီးမှု စာရင်းကိုမသိရသေးတဲ့အတွက် သေဆုံးသူ အရေအတွက် တိုးလာနိုင်လို့ အရာရှိတွေ စိုးရိမ်နေပါတယ်။ သေဆုံးသူတိုင်းရဲ့ အလောင်းတွေကို ရှာတွေ့ရမယ်လို့ ပြောရင်း သေဆုံး ပျောက်ဆုံး သူတွေကိုရှာဖို့ အင်အားအကူခေါ်ရေး သမ္မတ ဂျိုကိုဝီက အောက်တိုဘာ ၂ရက်မှာ ဆော်သြခဲ့ပါတယ်။ ပါလူလေဆိပ်ကို အောက်တိုဘာ ၃ ရက်မှာ ကုန်တင်လေယာဉ် အနည်းဆုံး ၇ စီး ရောက်လာပြီး တန်နဲ့ချီတဲ့ ကူညီရေး အထောက်အပံ့တွေ ပါလာခဲ့ပါတယ်။ ပစိဖိတ် မီးကွင်းကြီးလို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာချပ်တွေဆုံရာမှာ ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာ့ငလျင်နဲ့ ဆူနာမီ ဒဏ်အခံရဆုံး နိုင်ငံတွေထဲက တခုပါ။ ၂၀၀၄ ဆူနာမီကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၁၂၀၀၀ ကျော် သေဆုံးခဲ့ ဖူးပါတယ်။
3 years Ago
Up