အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲ

July 1, 2015

ဂျပန် မီးတောင်ပေါက်ကွဲ၊ သတိပေးချက် အဆင့် ၃ သတ်မှတ်

ဂျပန်နိုင်ငံ တိုကျိုမြို့တော် အနောက်တောင်ပိုင်း ယိုကိုဟားမား အနီးရှိ ဟကိုးနဲ မီးတောင်ဟာ ဇွန်လ ၃၀ မနက်ပိုင်းက အသေးစား ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ ဂျပန်မီးတောင်လှုပ်ရှားမှု တိုင်းတာရေး အေဂျင်စီက မီးတောင်သတိပေးချက် အဆင့် ၃ သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။ မီးတောင်အနီး သွားရောက်ခွင့်ကိုလည်း ပိုမိုကန့်သတ် တားဆီးခဲ့ပြီး ဒေသခံ ၅၀ ကျော်ကို ဘေးကင်းရာနေရာ ရွှေ့ပြောင်းနေထိုင်စေခဲ့ပါတယ်။ နိုင်ငံခြားဧည်သည် အများအပြား လာလည်ပတ်တတ်တဲ့ မီးတောင်အနီးအနားက အပန်းဖြေရေပူစမ်းတွေနဲ့ ဟိုတယ်တွေကို မီးတောင်တ၀ိုက်မှာ ပုံမှန်မဟုတ်တဲ့ မီးခိုးငွေ့တွေ ပန်းထွက်နေမှုကြောင့် မကြာသေးမီက ကန့်သတ်ပိတ်ပင်ခဲ့ရာကနေ သတိပေးမှုအဆင့် ၃ ပြောင်းလဲသတ်မှတ်ကာ မီးတောင်ဝန်းကျင်အနီး လူအများသွားရောက်ခွင့် ပိတ်ပင်တဲ့ ဧရိယာကို ထပ်မံတိုးမြင့်ခဲ့ပါတယ်။ အမြင့်ဆုံးအဆင့်မှာ ၅ ဖြစ်ပြီး အနီးနားက အခြားဒေသခံတွေကိုပါ အရေးပေါ် ရွှေ့ပြောင်းနိုင်ဖို့ နေရာတွေ ပြင်ဆင်နေပါတယ်။ ဂျပန်နိုင်ငံမှာ မီးတောင်ရှင် ၁၁၀ ရှိပြီး ၄၇ ခုက ၂၄ နာရီစောင့်ကြည့်နေတဲ့ အဆင့်သတ်မှတ်ထားပြီး ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီတောင်လည်း အပါအ၀င်ဖြစ်ပါတယ်။
6 years Ago

June 30, 2015

အင်ဒိုနီးရှားစစ်လေယာဉ် ရပ်ကွက်ထဲပျက်ကျ၊ အနည်းဆုံး ၂၀ ဦးသေဆုံး

အင်ဒိုနီးရှားလေတပ်က လေယာဉ်တစီးဟာ ဆူမတြားကျွန်းမြောက်ပိုင်းက မီဒန်းမြို့ လူနေရပ်ကွက်ပေါ် ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ အေအက်ဖ်ပီ သတင်းအေဂျင်စီက ကျန်းမာရေးအရာရှိတွေကို ကိုးကားပြီး ဇွန် ၃၀ ရက်နေ့ စီ-၁၃၀ လေယာဉ်ပျက်ကျမှုမှာ ပါဝင်တဲ့ အလောင်း ၂၀ ကို ဆေးရုံအအေးခန်းကို သယ်ဆောင်ခဲ့ပြီလို့ ဖော်ပြပါတယ်။ အခင်းဖြစ်ပြီးပြီးချင်းမှာ မီဒန်းမြို့ရဲတပ်ဖွဲ့ အကြီးအကဲ Mardiaz Dwihananto က “အလောင်းတွေက လေယာဉ်နဲ့ အဆောက်အဦတွေကြားက အပျက်အစီးတွေထဲမှာ ရှိနေတာ။  အလောင်းတွေကို သူနာပြုတွေက တယောက်ချင်းဆွဲထုတ်ပြီး အဒမ်မီလစ်ဆေးရုံကို ပို့ဆောင်နေပါတယ်။ အလောင်းတွေ အကုန်လုံးကို သယ်ထုတ်ဖို့ မစီမံနိုင်ဘူးဖြစ်နေတယ်။” လို့ ပြောပါတယ်။ နယ်မြေခံရေဒီယိုတခုဖြစ်တဲ့ အယ်လ်ရှင်တာက လေယာဉ်ဟာ အိမ်တွေပေါ်ထိုးကျကြောင်း၊ ဒါပေမယ့် အိမ်ထဲကလူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေ မသိသေးကြောင်း ပြောပါတယ်။ စစ်ဘက်ပြောခွင့်ရသူ Fuad Basya က စစ်ချပ်ဝတ်တန်ဆာတွေ သယ်ဆောင်သွားတဲ့ လေယာဉ်ဟာ စစ်အခြေစိုက်စခန်းကနေ ထွက်ခွာချိန် ၂ မိနစ်အကြာ ၅ ကီလိုမီတာ အကွာအဝေးလောက်မှာ ပျက်ကျခဲ့တာလို့ ပြောပါတယ်။ ဒါဟာ မီဒန်းမြို့ဝန်းကျင်မှာ ဆယ်နှစ်အတွင်း ဒုတိယအကြိမ် လေယာဉ်ပျက်ကျမှု ဖြစ်ပါတယ်။ ၂၀၀၅ စက်တင်ဘာတုန်းက မန်ဒါလာ (Mandala) လေကြောင်းလိုင်း ဘိုးရင်း ၇၃၇ ဟာ မီဒန်းလေယာဉ်ကွင်းက ထွက်ခွာပြီး တိုတောင်းတဲ့ အချိန်အတွင်း လူနေထူထပ်တဲ့ အိမ်ခြေတွေအပေါ် ပျက်ကျခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြေပြင်က လူ ၃၀ အပါအ၀င် စုစုပေါင်း ၁၄၃ ဦး သေဆုံးခဲ့ရပါတယ်။ လူဦးရေ ၃၄ သိန်းနေထိုင်တဲ့ မီဒန်းမြို့ဟာ အင်ဒိုနီးရှားနိုင်ငံမှာ မြို့တော် ဂျကာတာနဲ့ ဆူရာဘေရာမြို့တွေပြီးရင် တတိမြောက် လူနေထူထပ်ဆုံးမြို့ ဖြစ်ပါတယ်။
6 years Ago
Up