အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေ ပိတ်သိမ်းခဲ့မှုနဲ့ပတ်သက်ပြီး မကျေနပ်လို့ အစ္စလာမ်ဘာသာဝင် အင်ဒိုနီးရှား နိုင်ငံသား ရာနဲ့ချီပြီး ဇန်န၀ါရီ ၁၂ ရက်နေ့က ဆန္ဒပြကြပါတယ်။
အမုန်းစကားတွေ ပြန့်ပွားစေတယ်ဆိုတဲ့ အကြာင်းပြချက်နဲ့ သဘောထားတင်းမာတဲ့ အစ္စလာမ်ဘာသာဝင် အုပ်စုတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တချို့ကို ပိတ်ပစ်တဲ့အတွက် ဖေ့စ်ဘွတ်ခ်ကို လူမျိုးရေး၊ ဘာသာရေး ခွဲခြားတယ်ဆိုပြီး စွပ်စွဲ ဆန္ဒပြနေကြတာပါ။
ဆန္ဒပြသူအများစုဟာ အဖြူရောင်အ၀တ်အစားကို ၀တ်ဆင်ထားကြပြီး သူတို့ထဲမှာ သဘောထားတင်းမာတဲ့ အစ္စလာမ်ဘာသာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အက်ဖ်ပီအိုင်က အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။
ဗလီကျောင်း တခုကနေ ဂျာကာတာမြို့ထဲမှာရှိတဲ့ ဖေ့စ်ဘွတ်ခ်ရုံးတွေကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။
“ကြားနေပြီး မျှမျှတတ ရှိဖို့ ဖေ့စ်ဘွတ်ခ်ကို ကျနော်တို့ သတိပေးချင်ပါတယ်” လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက သတင်းထောက်တွေကို ပြောပါတယ်။
အင်ဒိုနီးရှား ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိ သူတဦးကတော့ အက်ဖ်ပီအိုင် အဖွဲ့ရဲ့ အကောင့်တွေပိတ်ပစ်ဖို့ ဖေ့စ်ဘွတ်ခ်ကို တခါမှမတောင်းဆိုခဲ့ဘူးလို့ ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ အမည်မဖော်လိုတဲ့ ကိုယ်စားလှယ်တဦးကတော့ အမြင်မတူတဲ့ သူတွေကို အကြမ်းဖက် အမုန်းပွားအောင် လှုံ့ဆော်မှုကို တားဆီးတာက ကျနော်တို့ အသိုင်းအ၀ိုင်းရဲ့ စံနှုန်းတွေဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒပြ သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပေမယ့် စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားက ၁၂၀၀ ကျော်ရှိ တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
3 years Ago