အင်ဒိုနီးရှားစစ်လေယာဉ် ရပ်ကွက်ထဲပျက်ကျ၊ အနည်းဆုံး ၂၀ ဦးသေဆုံး

July 1, 2015

အင်ဒို လေယာဉ်ပျက်ကျမှု လူ ၁၂၂ ဦး သေဆုံး

ဇွန် ၃၀ ရက် အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျသွားတဲ့ အတွက် လူ ၁၂၂ ဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ လေယာဉ်မောင်းတဲ့သူ ၁၂ ဦး ပါဝင်နေသလို မြေပြင်ပေါ်မှာ လူဘယ်နှယောက် သေဆုံးသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဆိုပါတယ်။ စီ ၁၃၀ လေယာဉ်ဟာ လူနေထူထပ်တဲ့ မီဒန်မှာ ပျက်ကျသွားတာဖြစ်ပြီး အိမ် ၂ လုံးနဲ့ ဟိုတယ် ပျက်စီးသွားခဲ့ပါတယ်။ ဒီနောက် လေယာဉ်ဟာ မီးလောင်သွားခဲ့သလို လေယာဉ်ပေါ်ပါလာတဲ့ တဦးတယောက်မှာ အသက်ရှင်မကျန်ဘူးလို့ ဆိုပါတယ်။ အပျက်အစီးနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆယ်ယူဖို့ အလုပ်တွေကို လုပ်ဆောင်နေပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးတဦးလည်း ပါဝင်နေသလို သေဆုံးသူ အများစုဟာ စစ်တပ်က တာဝန်ရှိသူတွေရဲ့ ဆွေမျိုးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ လေယာဉ်ပျက်စီးရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့် လေယာဉ်ထွက်ပြီးတဲ့ နောက် တစုံတရာ ပြဿနာ ဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။  
6 years Ago

June 30, 2015

အင်ဒိုနီးရှားစစ်လေယာဉ် ရပ်ကွက်ထဲပျက်ကျ၊ အနည်းဆုံး ၂၀ ဦးသေဆုံး

အင်ဒိုနီးရှားလေတပ်က လေယာဉ်တစီးဟာ ဆူမတြားကျွန်းမြောက်ပိုင်းက မီဒန်းမြို့ လူနေရပ်ကွက်ပေါ် ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ အေအက်ဖ်ပီ သတင်းအေဂျင်စီက ကျန်းမာရေးအရာရှိတွေကို ကိုးကားပြီး ဇွန် ၃၀ ရက်နေ့ စီ-၁၃၀ လေယာဉ်ပျက်ကျမှုမှာ ပါဝင်တဲ့ အလောင်း ၂၀ ကို ဆေးရုံအအေးခန်းကို သယ်ဆောင်ခဲ့ပြီလို့ ဖော်ပြပါတယ်။ အခင်းဖြစ်ပြီးပြီးချင်းမှာ မီဒန်းမြို့ရဲတပ်ဖွဲ့ အကြီးအကဲ Mardiaz Dwihananto က “အလောင်းတွေက လေယာဉ်နဲ့ အဆောက်အဦတွေကြားက အပျက်အစီးတွေထဲမှာ ရှိနေတာ။  အလောင်းတွေကို သူနာပြုတွေက တယောက်ချင်းဆွဲထုတ်ပြီး အဒမ်မီလစ်ဆေးရုံကို ပို့ဆောင်နေပါတယ်။ အလောင်းတွေ အကုန်လုံးကို သယ်ထုတ်ဖို့ မစီမံနိုင်ဘူးဖြစ်နေတယ်။” လို့ ပြောပါတယ်။ နယ်မြေခံရေဒီယိုတခုဖြစ်တဲ့ အယ်လ်ရှင်တာက လေယာဉ်ဟာ အိမ်တွေပေါ်ထိုးကျကြောင်း၊ ဒါပေမယ့် အိမ်ထဲကလူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေ မသိသေးကြောင်း ပြောပါတယ်။ စစ်ဘက်ပြောခွင့်ရသူ Fuad Basya က စစ်ချပ်ဝတ်တန်ဆာတွေ သယ်ဆောင်သွားတဲ့ လေယာဉ်ဟာ စစ်အခြေစိုက်စခန်းကနေ ထွက်ခွာချိန် ၂ မိနစ်အကြာ ၅ ကီလိုမီတာ အကွာအဝေးလောက်မှာ ပျက်ကျခဲ့တာလို့ ပြောပါတယ်။ ဒါဟာ မီဒန်းမြို့ဝန်းကျင်မှာ ဆယ်နှစ်အတွင်း ဒုတိယအကြိမ် လေယာဉ်ပျက်ကျမှု ဖြစ်ပါတယ်။ ၂၀၀၅ စက်တင်ဘာတုန်းက မန်ဒါလာ (Mandala) လေကြောင်းလိုင်း ဘိုးရင်း ၇၃၇ ဟာ မီဒန်းလေယာဉ်ကွင်းက ထွက်ခွာပြီး တိုတောင်းတဲ့ အချိန်အတွင်း လူနေထူထပ်တဲ့ အိမ်ခြေတွေအပေါ် ပျက်ကျခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြေပြင်က လူ ၃၀ အပါအ၀င် စုစုပေါင်း ၁၄၃ ဦး သေဆုံးခဲ့ရပါတယ်။ လူဦးရေ ၃၄ သိန်းနေထိုင်တဲ့ မီဒန်းမြို့ဟာ အင်ဒိုနီးရှားနိုင်ငံမှာ မြို့တော် ဂျကာတာနဲ့ ဆူရာဘေရာမြို့တွေပြီးရင် တတိမြောက် လူနေထူထပ်ဆုံးမြို့ ဖြစ်ပါတယ်။
6 years Ago
Up