အင်ဒိုငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်အဆောက်အအုံများတွင် အလုပ်လုပ်နေသူများ ဆင်းပြေး

January 24, 2018

အင်ဒိုငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်အဆောက်အအုံများတွင် အလုပ်လုပ်နေသူများ ဆင်းပြေး (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဇန်နဝါရီ ၂၃ ရက်က အားကောင်းတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် အထပ်မြင့် အဆောက်အဦတွေမှာ အလုပ်လုပ်နေကြသူတွေဟာ ဆင်းပြေးခဲ့ကြရပါတယ်။ လူဦးရေထူထပ်တဲ့ ဂျာဗားကျွန်းမှာ အနက်တိမ်ပြီး ပြင်းအား ရစ်ခ်ျတာစကေး ၆ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒဆိုင်ရာစစ်တမ်းတခုရဲ့ အဆိုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အဲဒီငလျင်ဟာ အနည်းဆုံး အဆောက်အအုံ ၁၃၀ လောက်ကို ရိုက်ခတ်စေခဲ့ပြီး ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှု အစီရင်ခံတာတွေတော့ ချက်ချင်း မသိရသေးပါဘူး။ ငလျင်ကြောင့် ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်မယ့် အလားအလာ ရှိတယ်ဆိုတဲ့ အချက်ကိုတော့ အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။ ဂျကာတာ မြို့လယ်လမ်းတွေပေါ်က လူတွေဟာ အဆောက်အအုံတွေကို လက်ညှိုးထိုးပြနေခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့ငလျင်အလှုပ်ဆုံး ဒေသတွေထဲက တခုဖြစ်လို့ ငလျင်ဒဏ်ကို ပုံမှန်ခံရလေ့ရှိပါတယ်။ ၂၀၀၄ ခုနှစ်ကလည်း အိန္ဒိယသမုဒ္ဒရာမှာ ဆူနာမီရေလှိုင်းတွေ တက်ခဲ့လို့ အင်ဒိုနီးရှားနိုင်ငံက လူပေါင်း ၁ သိန်း ၂ သောင်း အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက လူ ၂ သိန်း ၂ သောင်း ၆ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
4 years Ago
Up