ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် မတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ မြန်မာလက်ရွေးစင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင် ဘောလုံးအသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီနေ့ နေ့လယ် ၂ နာရီ မန္တလေးမြို့ ဟိုတယ် ရွှေပြည်သာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့လက်ရွေးစင် နည်းပြချုပ် ဦးမျိုးမင်းထွန်း က “မနက်ဖြန်မှာ ကျနော်တို့ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းကြောင်းကို ကျနော်လက်လှမ်းမီသလောက် လေ့လာထားပါတယ်။ အင်ဒိုနီးရှားအသင်းက အသင်းကောင်း တသင်းဖြစ်တာကြောင့် RANKING အရ ကျနော်တို့ထက် နိမ့်ပေမယ့် ဘောလုံး အားကစားနည်းက ကျနော်တို့ထက် မနိမ့်ကျပါဘူး။ မနက်ဖြန်ပွဲဟာ အနိုင်ရဖို့ အရေးကြီးသလို ကစားသမားတွေကို အခွင့်အရေးပေးဖို့လည်း လိုတဲ့ပွဲပါ။ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။”
အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြချုပ် ဆိုင်မွန်ဘတ်မန်နိဘီ က “မနက်ဖြန် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ခြေစမ်းပွဲက ပွဲကောင်းတပွဲ ဖြစ်စေမှာ သေချာတာကြောင့် အကောင်းဆုံးကြိုးစားကစားသွားပါ့မယ်။ ကျနော်တို့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့ အသင်းတသင်းဖြစ်သလို မြန်မာအသင်းကလည်း တောင့်တင်းခိုင်မာတဲ့ အသင်းတသင်းဖြစ်တာကြောင့် မနက်ဖြန်ပွဲကို သေချာကစားသွားပါမယ်။ ဒီအသင်းကို ရောက်တာမကြာသေးတာဖြစ်တဲ့အတွက် မနက်ဖြန်ပွဲဟာ ခက်ခဲပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ယုံကြည်ပါတယ်။”
မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် လှိုင်းဘိုဘို “မနက်ဖြန်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမယ်။ အင်ဒိုနဲ့ ကစားတိုင်း ပြိုင်ဆိုင်မှုပြင်းထန်တယ်၊ မနက်ဖြန်မှာ ရလဒ်ကောင်းဖို့အတွက် နည်းပြအဖွဲက ဆရာတွေနဲ့ ကစားသမားတွေတိုင်ပင်ပြီး စီစဉ်ထားပါပြီ။”
အင်ဒိုနီးရှား အသင်းခေါင်းဆောင် အက်ဒရီ က “မနည်းပြအသစ်၊ စုဖွဲ့မှုအသစ်နဲ့ မနက်ဖြန်ပွဲကို ယှဉ်ပြိုင်မှာပါ။ ပွဲကောင်းတပွဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာ အသင်းအိမ်ကွင်းမှာ ၂ ကြိမ်ကစားဖူးတယ်။ အိမ်ကွင်းမှာဆို ပရိသတ်အားပေးမှုနဲ့ ယှဉ်ပြိုင်ရတာ ခက်ခဲတဲ့အသင်းပါ။”
2 years Ago