အင်တာဗျူး

December 14, 2018

ပိုင်းလော့ဖြစ်ချင်ခဲ့တာ ငယ်ငယ်ကတည်းက အိပ်မက်ပါ - နန်းရွှန်းအိ

[caption id="attachment_304292" align="alignleft" width="430"] ဓာတ်ပုံ - Nann Shoon Ei Facebook[/caption] အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေထဲမှာ လေယာဉ်တွေ မောင်းနှင်သူက ရှားတယ်လို့ ပြောရမှာပါ။ ဒီထက်ပိုပြီး အမျိုးသမီး လေယာဉ်မောင်းသူ ပိုင်းလော့က ပိုပြီး ရှားပါတယ်။ မြန်မာနိုင်ငံမှာတော့ လေကြောင်းလုပ်ငန်းတွေက အမျိုးသမီးဆိုရင် လေယာဉ်မယ်ကိုပဲ မြင်ယောင်တတ်ကြပါလိမ့်မယ်။ ရှားပါးတဲ့သူတွေထဲမှာမှ မြန်မာအမျိုးသမီးတယောက်ဟာ နိုင်ငံခြားမှာ လေယာဉ်တွေကို ထိန်းချုပ်မောင်းနှင်နေတဲ့ ပိုင်းလော့အဖြစ် လုပ်ကိုင်နေပါတယ်။ သူကတော့ နန်းရွှန်းအိပါ။ ငယ်ငယ်ကတည်းက လေယာဉ်မောင်းနှင်ချင်ခဲ့ပြီး တကယ်ဖြစ်လာခဲ့တဲ့ သူ့အကြောင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ဘယ်မှာမွေးပြီး ဘယ်မှာ ကျောင်းတက်ခဲ့တာလဲခင်ဗျ။ ဖြေ - မွေးရပ်မြေကတော့ ရန်ကုန်ကပါ။ ပညာရေးကတော့ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပြင်သစ်နဲ့ ဘွဲ့ရထားပါတယ်။ မေး - လေယာဉ်သင်တန်းကျောင်းကို ရောက်ခဲ့တဲ့အကြောင်းလည်း ရှင်းပြပေးပါဦး။ ဖြေ - လေယာဉ်မောင်းချင်တာကတော့ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာပါ။ ၁ဝ တန်းအောင်ပြီး လေယာဉ်မောင်းသင်တန်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် အသက်ငယ်သေးတာက တကြောင်း၊ ဘွဲ့ရပြီးမှ နိုင်ငံခြားသွားစေချင်တာက တကြောင်း၊ မိဘတွေက ခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့် ဘွဲ့ရပြီးမှ လေယာဉ်မောင်းသင်တန်း သွားတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကျောင်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Aerosim Flight School မှာပါ။ မေး - အဲဒီတုန်းက အခက်အခဲက ဘာတွေလဲ။ [caption id="attachment_304293" align="alignright" width="271"] ဓာတ်ပုံ - Nann Shoon Ei Facebook[/caption] ဖြေ - အဓိက အခက်အခဲကတော့ အင်္ဂလိပ်စာပါ။ မသွားခင် ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် တကယ် စရောက်ရောက်ချင်းမှာ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် Air traffic controller (လေကြောင်းထိန်းချုပ်ရေးမှူး) တွေနဲ့ Communicate (ဆက်သွယ်) ရာမှာတော့ အခက်အခဲလေးတွေ ရှိပါတယ်။ ဆရာတွေကလည်း စနစ်တကျ သင်ကြားပေးတယ်။ ကိုယ်တိုင်ကလည်း လေ့လာသင်ယူတယ်။ နောက်ပိုင်းမှာတော့ အားလုံး အဆင်ပြေခဲ့ပါတယ်။ မေး - အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အကြောင်းကို ပြောပြပေးပါဦး။ ဖြေ - ၂ဝ၁၅ ခုနှစ်ကစပြီး FMI လေကြောင်းလိုင်းမှာ First Officer အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အခုတော့ First Officer ခေါ် တွဲဖက်လေယာဉ်မှူးအနေနဲ့ တရုတ်နိုင်ငံ Astro Air Shenzhen China မှာ အလုပ်လုပ်နေပါတယ်။ ကုမ္ပဏီက လေယာဉ်စင်းလုံးငှား ကုမ္ပဏီပါ။ မေး - ဒါက ဘဝမှာ တကယ်ဖြစ်ချင်ခဲ့တာလား။ ဒါထက်ပိုပြီး ဘာတွေဖြစ်ဖို့ ကြိုးစားနေလဲ။ ဖြေ - ပိုင်းလော့ဖြစ်ချင်ခဲ့တာ ငယ်ငယ်ကတည်းက အိပ်မက်ပါ။ တချိန်မှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေမှာ မောင်းနှင်တဲ့ Captain တယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။
3 years Ago

October 16, 2018

တောဝက်လူငယ်ဘောလုံးအသင်း အင်တာဗျူး အမေရိကန်ရုပ်သံတွင် ရေပန်းစား

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းဝင် လူငယ်တွေဟာ လောလောဆယ် အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်ရှိနေပြီး ရုပ်သံသတင်းဌာနတွေကို အင်တာဗျူး ပေးနေပါတယ်။ အမေရိကန်နိုင်ငံက နာမည်ကြီး အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ Ellen Degeneres က တောဝက်လူငယ်တွေကို တွေ့ဆုံမေးမြန်းထားတဲ့ The Ellen Show အစီအစဉ်ကို မနေ့က နယူးယောက်အခြေစိုက် အန်ဘီစီချန်နယ်လ်မှာ ထုတ်လွှင့်သွားပြီး လူကြိုက်များ ရေပန်းစားနေပါတယ်။ Ellen က လူငယ်တွေ ဘာကြောင့် ဂူထဲဝင်သွားကြသလဲ၊ ဂူထဲပိတ်မိတဲ့နောက် ပြန်ထွက်လာရမယ်လို့ မျှော်လင့်သလား၊ ဂူထဲမှာ အသက်ရှင်သန်အောင် ဘယ်လိုနေထိုင်ခဲ့ကြသလဲ၊ ဂူထဲရှိနေစဉ် နေ့ရက်အချိန်တွေကို သိကြသလား၊  လူတွေအများကြီး ကယ်တင်နေတယ်ဆိုတာကို ဘယ်အချိန်ရောက်မှ သိသလဲ၊ ဂူထဲကနေ ဘယ်လိုလုပ်ပြီး ပြန်ထွက်လာကြသလဲ၊ ဂူထဲကထွက်လာပြီးနောက် နေ့စဉ်ဘဝကို ဘယ်လိုပြောင်းလဲနေထိုင်သလဲ၊ အနာဂတ်မှာ ဘာဖြစ်ချင်သလဲ စတဲ့မေးခွန်းတွေ မေးခဲ့ပါတယ်။ လူငယ်တွေကလည်း သူတို့ဟာ ဂူထဲဝင်ရောက်လည်ပတ်ပြီး အသက်အငယ်ဆုံးဖြစ်တဲ့ နောင့်တိုင်တန်ရဲ့ ညနေကျူရှင်အမီ၊ နောင့်နိတ်ရဲ့ မွေးနေ့ပွဲအမီ ပြန်လာဖို့ လုပ်နေတုန်း မိုးရွာပြီး ဂူထဲကို ရေတွေဝင်လာလို့ ထွက်လို့မရတော့တဲ့အကြောင်း၊ ဂူထဲမှာ ပိတ်မိပြီးတဲ့နောက် အပြင်ကလူကြီးတွေ ပစ်မထားဘဲ လာကယ်ကြမယ်လို့ ယုံကြည်ကြောင်း၊ ဂူထဲမှာရှိနေစဉ် စိတ်တည်ငြိမ်မှုရှိအောင်၊ သတိတရားနဲ့ သမာဓိတည်ဆောက်ကာ ဘာဝနာပွါးခြင်းတွေ  ပြုလုပ်ပြီး စွမ်းအင်တွေ ချွေတာတဲ့အနေနဲ့ အတတ်နိုင်ဆုံး ခန္ဓာကိုယ်လှုပ်ရှားမှုတွေ မပြုဖို့ နည်းပြက မှာကြားတဲ့အတိုင်း နေထိုင်ကြောင်း၊ တဖက်ကလည်း လွတ်မြောက်ဖို့လမ်းစတွေ ရှာဖွေ အကြံထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နောင့်တီမှာ လက်ပတ်နာရီ ပါသွားတဲ့အတွက် နေ့ရက်အချိန်တွေ သိနေကြောင်း၊ ရေငုပ်သမားရောက်လာတော့ သူ့ကိုလည်း ထပ်မေးခဲ့ကြောင်း၊  ကယ်ဆယ်ရေးအဖွဲ့တွေက သူတို့ကို ဂူထဲကနေ ခေါ်ထုတ်စဉ် အိပ်ပျော်နေကြတဲ့အတွက် ဘယ်လိုလုပ်ပြီး ထွက်လာရသလဲဆိုတာ မသိရှိကြောင်း၊ အပြင်မှာ လူတွေအများကြီး သူတို့ကို စိတ်ပူစွာ စောင့်ကြိုနေကြတယ် ဆိုတာကို တချို့က လေယာဉ်ပေါ်ရောက်မှ၊ တချို့က ဆေးရုံရောက်မှ သိရှိရကြောင်း၊ ဂူထဲက ထွက်လာပြီးတဲ့နောက် နေ့စဉ်ဘဝကို ပုံမှန်လို ပြန်နေထိုင်ပြီး ထင်ရှားကျော်ကြားလိုခြင်းမရှိဘဲ ဘောလုံးသာ ကန်လိုပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ အနာဂတ် ဘာဖြစ်ချင်သလဲဆိုတဲ့ မေးခွန်းကိုတော့ အားလုံးကိုယ်စား အသက်အငယ်ဆုံး ဖြစ်တဲ့ နောင့်တိုင်တန်က သူတို့အားလုံး ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားလိုပြီး ကောင်းမွန်တဲ့ အလုပ်အကိုင် ရှိလိုကြောင်း၊ သူ့အနေနဲ့ နိုင်ငံ့လက်ရွေးစင် ဘောလုံးသမား ၁ ယောက် ဖြစ်လိုပြီး ရလာတဲ့ဝင်ငွေနဲ့ မိဘကို ပြန်လည်ထောက်ပံ့ ကျွေးမွေးလိုကြောင်း ဖြေကြားခဲ့ပါတယ်။ အသက် ၁၁ နှစ်ကျော် ၁၂ နှစ်ထဲဝင်ကာစ ကလေးငယ်တယောက်ရဲ့ ဒီဖြေကြားချက်ဟာ အမေရိကန် ရုပ်သံကြည့် ပရိသတ်တို့ရဲ့ ချီးကျူးမှု၊ ချစ်ခင်သနားမှုကို ခံယူခဲ့ရပါတယ်။ Ellen Degeneres က သူတို့နှစ်သက်အားကျတဲ့ ကမ္ဘာ့ဘောလုံးသမားကို မေးရာမှာ အားလုံးက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ (Zlatan Ibrahimovic) ကို သဘောကျတယ်လို့ ပြောတဲ့အတွက် အီဘရာဟီမိုဗစ်ခ်ျကို အခုပဲ တွေ့ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဒီနောက် ကမ္ဘာကျော်ဘောလုံးသမား အီဘရာဟီမိုဗစ်ခ်ျ ရောက်ရှိလာလို့ လူငယ်အားလုံး အံ့သြဝမ်းသာ ဖြစ်ကုန်ကြပါတယ်။ အီဘရာဟီမိုဗစ်ခ်ျက လူငယ်တဦးချင်းစီကို လက်ဝါးရိုက် နှုတ်ဆက်ပြီး သူ့ရဲ့ အမှတ်တံဆိပ်ပါ တီရှပ်အင်္ကျီ၊ ဦးထုပ်နဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ Ellen က ဒီလူငယ်တွေကို ဘယ်လိုသဘောရလဲလို့ မိုဗစ်ခ်ျကို မေးမြန်းရာမှာ သူက ဒီကလေးတွေဟာ တကယ်ကို ရဲရင့်ကြောင်း၊ သတ္တိက သူ့ထက်ပိုကောင်းကြောင်း၊ သူတို့ဟာ အသင်းလိုက် ညီညွတ်စွာ ဆောင်ရွက်တတ်ပြီး သည်းခံနိုင်တဲ့စိတ်၊ သဒ္ဓါစိတ်၊ ယုံကြည်မှုတွေ အပြည့်အဝရှိလို့ ကမ္ဘာမှာ အကောင်းဆုံးအသင်းတသင်း ဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားပါတယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး လက်ရှိမှာတော့ အမေရိကန်နိုင်ငံ LA Galaxy အသင်းမှာ ကစားနေကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲမှာ ပါဝင်ပါတယ်။ တောဝက်ဘောလုံးအသင်းရဲ့ အင်တာဗျူးအစီအစဉ်ဟာ ၁၀ မိနစ်နဲ့ ၁၀ စက္ကန့် ကြာမြင့်ပြီး အဲဒီရုပ်သံကို Ellen Degeneres က သူမရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်ပေါ် ဖြန့်ဝေထားရာမှာ ကြည့်ရှုအားပေးသူ၊ ကွန်းမန့်ဝင်ပေးသူတွေ အမြောက်အမြားရှိတယ်လို့  ထိုင်းရတ်တီဗွီသတင်းမှာ ဖော်ပြပါတယ်။ တောဝက်လူငယ်တွေအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ မူပိုင်ခ တယောက် ဘတ် ၃ သိန်း ၇ သောင်းရမယ့်ကိစ္စကတော့ စာချုပ်ချုပ်ဆိုရခြင်း မရှိသေးဘဲ ညှိနှိုင်းနေတဲ့အဆင့်မှာပဲ ရှိနေသေးတယ်လို့ ထိုင်းအစိုးရအဖွဲ့ လက်ထောာက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဝီရချွန်း ဆုခွန်း ထပတိဖတ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဂူတွင်းပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီဘောလုံးအသင်းက နည်းပြနဲ့ လူငယ် ၁၂ ဦးတို့ဟာ အာဂျင်တီးနားနိုင်ငံ လူငယ်အိုလံပစ်အားကစားပွဲ သွားရောက်ဆင်နွှဲပြီး အမေရိကန်နိုင်ငံက မီဒီယာတွေနဲ့ပါ သွားရောက်တွေ့ဆုံကာ အောက်တိုဘာ ၁၇ ရက်နေ့ ထိုင်းနိုင်ငံကို ပြန်လာကြမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up