အင်တာနက်ပေါ်က မိန်းကလေးကိုတွေ့ရန် ၁၀ ရက်ကြာစောင့်ဆိုင်းခဲ့သူရုပ်သံ ရေပန်းစား (ရုပ်သံ)

August 6, 2016

အင်တာနက်ပေါ်က မိန်းကလေးကိုတွေ့ရန် ၁၀ ရက်ကြာစောင့်ဆိုင်းခဲ့သူရုပ်သံ ရေပန်းစား (ရုပ်သံ)

အသက် ၄၁ နှစ်အရွယ် ဒတ်ခ်ျလူမျိုး အမျိုးသားတဦးဟာ အင်တာနက်ပေါ်မှာ တွေ့ခဲ့တဲ့ မိန်းကလေးနဲ့ အပြင်မှာ ဆုံတွေ့ဖို့ တရုတ်နိုင်ငံ အလယ်ပိုင်းက လေဆိပ်မှာ ဆယ်ရက် စောင့်နေခဲ့တယ်လို့ တရုတ်ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။ ဒတ်ခ်ျအမျိုးသား အလက်ဇန်းဒါး ပီတာ စိုင်းရတ်ခ်ဟာ ချန်းရှမြို့ ဟွမ်းဟွာ နိုင်ငံတကာ လေဆိပ်မှာ ဇူလိုင် ၁၇ ရက်တည်းက ရောက်နေခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ကျန်းမျိုးနွယ်ဝင် အမျိုးသမီးကို စောင့်နေခဲ့တယ်လို့ ဟူနန် အခြေစိုက် ETV ရုပ်သံက ကြေညာပါတယ်။ စီးရတ်ခ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း အင်တာနက်ပေါ်မှာ တွေ့တဲ့ တခြား မိန်းကလေးတယောက်အတွက် ဟွမ်းဟွာ လေဆိပ်မှာ လာစောင့် နေခဲ့ဖူးတယ်လို့ လေဆိပ် အာဏာပိုင်တွေက ETV ကို ပြောပါတယ်။ ကျန်းမိန်းကလေးကတော့ စီးရတ်ခ် တကယ်လာမယ်လို့ မမျှော်လင့်ခဲ့ကြောင်း ETV ရုပ်သံကို ဇူလိုင် ၂၉ ရက်က ပြောခဲ့ပါတယ်။ ကျန်းဟာ လတ်တလောမှာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ထားလို့ အပြင်ထွက်ဖို့ အဆင်မပြေတဲ့အတွက် စီးရတ်ခ်ကို တွေ့ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က စီးရတ်ခ် စောင့်နေခဲ့တဲ့ တခြားမိန်းကလေးနဲ့ သူက တယောက်တည်း မဟုတ်ဘူးလို့လည်း ကျန်းက ပြောပါတယ်။ စီးရတ်ခ်ဟာ လေဆိပ်မှာ အသင့်စား ခေါက်ဆွဲနဲ့ အချိုရည်က လွဲလို့ တခြား ဘာမှ မစားဘဲ ဆယ်ရက်ကြာ စောင့်နေခဲ့လို့ နှလုံးနဲ့ ကျောက်ကပ်ဝေဒနာ ခံစားရပြီး ဆေးရုံတက်ခဲ့ရ တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ သူဟာ ပြင်းထန်တဲ့ ဆီးချိုရောဂါကို ခံစားနေရလို့ နယ်သာလန်ကို ခုအချိန်မှာ ပြန်ရင် အသက်ဘေး ရှိတယ်လို့ ဆေးရုံဝန်ထမ်းက ETV ကို ပြောပါတယ်။ စီးရတ်ခ်ကတော့ ကျန်းမာရေးမကောင်းတဲ့ ကြားက ကျန်းမိန်းကလေးကို တွေ့ဖို့ စိတ်ဆုံးဖြတ်ထားတုန်းပဲလို့ ပြောပါတယ်။ ဒါပေမယ့် ဆေးရုံကို ရက်အတော်ကြာ တက်အပြီး စီးရတ်ခ်ဟာ သြဂုတ် ၁ ရက်နေ့က နယ်သာလန်ကို ပြန်သွားခဲ့တယ်လို့ ETV က အစီရင်ခံခဲ့ပါတယ်။
5 years Ago
Up