အင်တာနက်စွဲလမ်းမှု ဖြတ်တောက်ရေးဂေဟာသို့ ပို့ဆောင်ခံရသည့် တရုတ်လူငယ် သေဆုံး

August 16, 2017

အင်တာနက်စွဲလမ်းမှု ဖြတ်တောက်ရေးဂေဟာသို့ ပို့ဆောင်ခံရသည့် တရုတ်လူငယ် သေဆုံး

တရုတ်နိုင်ငံက ဆယ်ကျော်သက် လူငယ် ၁ ဦးဟာ အင်တာနက်စွဲလမ်းမှု ဖြတ်တောက်ရေးဂေဟာကို မိဘတွေက ပို့ဆောင်ပြီးနောက် ၄၈ နာရီအတွင်းမှာ အကြောင်းရင်း မသိရဘဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ အင်တာနက်စွဲလမ်းမှု အလွန်အကျွံဖြစ်နေတဲ့ သားကို ကုစားဖို့ မိဘတွေက အထူးသင်တန်းကျောင်းတခုကို ပို့ခဲ့တာပါ။ သင်တန်းကျောင်းကို ပို့ပြီး နောက်တရက်အကြာမှာ လီအောင်းလို့ အမည်ရတဲ့ အဲဒီလူငယ်လေးဟာ ဒဏ်ရာတွေနဲ့ ထူးထူးဆန်းဆန်း သေဆုံးခဲ့ပါတယ်။ လီအောင်းရဲ့ အဖေက "ကျနော် မယုံနိုင်အောင်ပဲ။ ကျနော်တို့ သူ့ကို ပို့လိုက်တုန်းက သူက အကောင်းအတိုင်းပဲ" လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာ အင်တာနက်စွဲလမ်းမှုဖြတ် ဂေဟာကို ပို့လိုက်တဲ့ ဆယ်ကော်ျသက်အရွယ် လီအောင်းရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး သူ့ရဲ့မိဘတွေက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အင်တာနက်အသုံးပြုမှု လွန်ကဲနေတာကို လျှော့ချဖို့ ဘယ်လိုမှ ပြောလို့မရတဲ့အဆုံးမှာ သူ့ရဲ့မိဘတွေက သူတို့ အင်တာနက်မှာ ရှာတွေ့ခဲ့တဲ့ အန်းဟွေပြည်နယ် အရှေ့ပိုင်းက ပြုပြင်ရေးဂေဟာကို ပို့လိုက်ကြတာပါ။ အင်တာနက်ပေါ်က အဲဒီဂေဟာရဲ့ ကြော်ငြာမှာ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပြုပြင်မှုတွေ၊ ကာယပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ ညင်သာစွာ ပြုပြင်ပေးမှာဖြစ်ပြီး ကျောင်းသားအချင်းချင်း ခေါင်းဆောင်ထားပြီး အပြစ်ပေးခိုင်းတာမျိုး မရှိဘူးလို့ ကြေညာထားကြောင်း သိရပါတယ်။ "ရေခဲတိုက်ကိုရောက်ပြီး ကျမတို့ စာရွက်စာတမ်းတွေ ဖြည့်တဲ့အချိန်မှာ ကျမသားရဲ့ တကိုယ်လုံး ဒဏ်ရာတွေနဲ့ပြည့်နေတာ တွေ့ရတယ်။ လက်တွေဆို အကုန်လုံး ပြာနှမ်းနေတာပဲ" လို့ လီအောင်းရဲ့အမေက ပြောပါတယ်။ တရုတ်နိုင်ငံက အင်တာနက်အသုံးပြုသူတွေဟာ လီအောင်းရဲ့ သေဆုံးမှုအပေါ် အံ့သြဒေါသ ဖြစ်ခဲ့ကြပြီး တချို့ကလည်း သေချာမသိဘဲ သင်တန်းကျောင်းကို တန်းပို့ခဲ့တဲ့ မိဘတွေကို အပြစ်တင်ခဲ့ကြပါတယ်။ "အစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်း စုံစမ်းစေချင်ပါတယ်။ ကျေနာ့်သား သေရခြင်းရဲ့ အကြောင်းရင်းကို စစ်ဆေးစေချင်ပါတယ်။ ကျနော်တို့ သူ့ကိုပို့လိုက်တာ ၄၈ နာရီတောင် မပြည့်သေးဘူး။ တရက်နဲ့ တဝက်ပဲ ရှိသေးတယ်။ ကျေန်ာ့သား သေသွားပြီ။ ကျနော်တို့ တကယ်ကြေကွဲရပါတယ်ဗျာ" လို့ လီအောင်းရဲ့အဖေက ဆက်ပြောပါတယ်။ ၂၀၁၆ ခုနှစ်အကုန်က တရုတ်နိုင်ငံမှာ အင်တာနက်အသုံးပြုသူ စုစုပေါင်း သန်း ၇၃၀ ရှိတယ်လို့ တရုတ် အင်တာနက်ဆက်သွယ်ရေး အချက်အလက်ဌာနက ပြောပါတယ်။ မိဘတွေရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေကနေ ထွက်ပေါက်ရှာရင်း အင်တာနက် အလွန်အကျွံသုံးစွဲတဲ့ ပြဿနာဟာ တရုတ်ဆယ်ကျော်သက် လူငယ်တွေကြားမှာ မြင့်မားနေတယ်လို့ သိရပါတယ်။
4 years Ago
Up