အင်တာနက်

July 18, 2019

ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှု ပြန်သုံးစွဲခွင့်ပြုရန် အရေးကြီးအဆို လွှတ်တော်ခွင့်မပြု

ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို  အင်တာနက် ဖြတ်တောက်ထားမှုကို ပြန်လည်သုံးစွဲခွင့်ပြုပေးဖို့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ခွင့်မပြုဘဲ ပယ်ချလိုက်ပါတယ်။ အဲဒီအရေးကြီးအဆိုကို ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇူလိုင် ၁၇ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်း မှာတော့ လွှတ်တော်ဥက္ကဋ္ဌထံက ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့တယ်လို့ အဆိုတင်သွင်းခဲ့သူက ဆိုပါတယ်။ "ဒီအဆိုက ပြည်နယ်လွှတ်တော်မှ တင်ပြီးသားပါ။ ပြည်နယ်လွှတ်တော်မှာ အတည် ဖြစ်တယ်။ ဒါပေမယ့် အခုချိန်ထိ ဘာမှဆောင်ရွက်ခြင်းမရှိဘူး။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်မှာ တင်သွင်းရတာပါ။ ခွင့်မပြုခဲ့ဘူး။ အရေးကြီး အဆိုတခုဟာ လတ်တလော ဖြစ်ပျက်နေတာကိုပဲ တင်လို့တယ်ဆိုပြီး အကြောင်းပြန်တယ်။ ဒါကလည်း လတ်တလောဖြစ်တဲ့ အရာပါဘဲ။ မနေ့ကတင်တာ။ အခု မနက် အကြောင်းပြန်ပါတယ်"လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က စတင်ပြီး အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီဖြတ်တောက်ဖို့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပို့ဆောင်ရေးနှင့် ဆင်သွယ်ရေးဝန်းကြီးဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။
2 years Ago

December 14, 2018

ကျူးဘားနိုင်ငံသားများ 3G မိုဘိုင်းအင်တာနက်စနစ် စတင်အသုံးပြုနိုင်ပြီ

ကျူးဘားနိုင်ငံက ပြည်သူတွေဟာ အစိုးရအနေနဲ့ 3G ဝန်ဆောင်မှုကို ဖွင့်ပေးတော့မယ့်လို့ ကြေညာပြီးနောက် ပထမဆုံးအနေနဲ့ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေ 3G အင်တာနက်စနစ်ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ပြည်နယ်ဆက်သွယ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ Mayra Arevich က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဝန်ဆောင်မှုကို ဒီဇင်ဘာ ၆ ရက်နေ့မှာ စတင်ရရှိတော့မယ်လို့ ကြေညာပေးခဲ့တာပါ။ ကျူးဘားဟာ ကမ္ဘာပေါ်မှာ မိုဘိုင်းအင်တာနက်ကို နောက်ဆုံးရရှိတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။ ကျူးဘားအစိုးရပိုင် တယ်လီကွန်းကုမ္ပဏီ ETECSA ကလည်း နိုင်ငံသားတိုင်းကို ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး 3G မိုဘိုင်းအင်တာနက်ပေးမယ့် သဘောတူညီချက်ကို ဒီဇင်ဘာ ၄ ရက်နေ့က ကြေညာခဲ့တာပါ။ အရင်က ကျူးဘားမှာ အင်တာနက်သုံးချင်ရင် အင်တာနက်ကဖေးတွေနဲ့ အများသုံး Wi-Fi Hotspots တွေကိုပဲ အားကိုးခဲ့ကြရပါတယ်။ ကျူးဘားအစိုးရအနေနဲ့ ၂ဝ၁၃ ခုနှစ်မှာ အင်တာနက်ကဖေးတွေကို စတင်ဖွင့်ပေးခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာတော့ အများပိုင်နေရာတွေမှာ Wi-Fi Hotspots ကို လွှင့်ပေးခဲ့ပါတယ်။ 3G အင်တာနက်လိုင်းကို အစိုးရဂျာနယ်လစ်တွေ၊ ပြည်ပလုပ်ငန်းတွေလောက်ပဲ အကန့်အသတ်နဲ့ ပေးခဲ့တာပါ။ ဒါပေမယ့်လည်း data packages တွေရဲ့ဈေးနှုန်းက အရမ်းကြီးတဲ့အတွက် 3G မိုဘိုင်းအင်တာနက်ကို ကျူးဘားနိုင်ငံသားတိုင်း လက်လှမ်းမီဦးမှာ မဟုတ်ပါဘူး။ 600 MB Package ကို ၇ ဒေါ်လာလောက် ပေးရမှာဖြစ်ပြီး 4GB ဆိုရင် ဒေါ်လာ ၃ဝ လောက် ပေးရမှာဖြစ်တဲ့အတွက် ဒီဈေးနှုန်းဟာ ကျူးဘားပြည်သူတွေအတွက်တော့ အရမ်းကို များလွန်းလှပါတယ်။ ကျူးဘားနိုင်ငံမှာရှိတဲ့ လူတဦးချင်းရဲ့ ပျှမ်းမျှလစာက ၂ဝ၁၇ ခုနှစ်အထိ ဒေါ်လာ ၃ဝ လောက်ပဲ ရှိတာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာ မြန်နှုန်းမြင့် 5G လိုင်းတွေ စတင်စမ်းသပ်နေပြီ ဖြစ်ပေမယ့် ကျူးဘားကတော့ ၁၉၉၈ ခုနှစ်လောက်က မိတ်ဆက်ခဲ့တဲ့ 3G လိုင်းကို အခုမှရတာပါ။ ဒါပေမယ့်လည်း သမ္မတအပြောင်းအလဲ ဖြစ်ထားတဲ့ ကျူးဘားအတွက် အခု ပြောင်းလဲမှုက ဝမ်းသာစရာ ဖြစ်ပါတယ်။ လက်ရှိ ကျူးဘားသမ္မတ Miguel Diaz-Canel ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက တွစ်တာအကောင့်ကို စတင် ဖွင့်သုံးနေပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို တဖြည်းဖြည်းချင်း မြှင့်တင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ စိုးမိုး
3 years Ago
More News
Up