အင်တာကွင်းလယ်လူ ပါရီဆစ်ကို မန်ယူနှင့်ချဲလ်ဆီးတို့

July 19, 2017

အင်တာကွင်းလယ်လူ ပါရီဆစ်ကို ခေါ်ယူရန် မန်ယူ သဘောတူညီမှုရ

မန်ယူအသင်းဟာ အင်တာမီလန်ကွင်းလယ်လူ ပါရီဆစ်ကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမူ ရရှိခဲ့ပြီလို့ သိရပါတယ်။ မန်ယူအသင်းအနေနဲ့ ပါရီဆစ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၉ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ပြီး ခြေစွမ်းပေါ်မူတည်ပြီး ပေါင် ၄ ဒသမ ၅ သန်း ထပ်ပေးရမယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ တရုတ်နိုင်ငံမှာ သွားရောက်လေ့ကျင့်နေပြီး အိုင်စီစီဖလား ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ ပါရီဆစ်အနေနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းတော့ဘဲ မန်ယူအသင်းထံ အပြီးသတ် ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ ဒေးလီးမေးသတင်းစာက ဖော်ပြပါတယ်။ မန်ယူအသင်း ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါ့ဒ်ကလည်း ပါရီဆစ်ကိုခေါ်ယူဖို့ ဆွေးနွေးနေတဲ့အတွက် ရီးရဲလ်ဆော့လိတ်ခ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲကို လာရောက်အားပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ခရိုအေးရှားလက်ရွေးစင် ပါရီဆစ်ဟာ အင်တာမီလန်မှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။
4 years Ago

June 16, 2017

အင်တာကွင်းလယ်လူ ပါရီဆစ်ကို အမြန်ဆုံးခေါ်ယူနိုင်ရေး မန်ယူ ကြိုးစား

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ အင်တာမီလန် ကွင်းလယ်ကစားသမား ပါရီဆစ်ကို အမြန်ဆုံးခေါ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းရဲ့ အမေရိကခရီးစဉ်မှာ ပါရီဆစ်ကို လိုက်ပါလေ့ကျင့်နိုင်ဖို့ မျှော်လင့်ထားပြီး အပြောင်းအရွှေ့ကိစ္စ အမြန်ဆုံး အပြီးသတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ အသက် ၂၈ နှစ်ရှိ ခရိုအေးရှားလက်ရွေးစင် ပါရီဆစ်အတွက် မန်ယူအသင်းက ပေါင် ၄၄ သန်း ပေးချေရမှာဖြစ်ပြီး ကစားသမားနဲ့ အကြိုသဘောတူညီမှု ရရှိထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ မန်ယူအသင်းဟာ ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်ကိုလည်း ပေါင် ၃၁ သန်းနဲ့ ခေါ်ယူထားပြီး ရီးရဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ အိုင်ဗန် ပါရီဆစ်ဟာ ၂၀၁၅ ခုနှစ်က ဝုဖ်ဘတ်အသင်းကနေ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂ ရာသီအတွင်း ၇၉ ပွဲကစားကာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။
4 years Ago
Up