အင်ဂျန်းယန်

May 18, 2018

အင်ဂျန်းယန်ဒေသရှိ ပိတ်မိပြည်သူများကို ပြည်နယ်အစိုးရက ဦးဆောင်ကယ်ထုတ်မည်

ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်မြို့နယ်မှာလည်း ပိတ်မိပြည်သူတွေ ရှိနေပြီး သူတို့ကို ကချင်ပြည်နယ်အစိုးရက ဦးဆောင် သွားရောက်ကယ်ထုတ်ဖို့ လုပ်ငန်းစဉ်တွေကို မေ ၁၉ ရက်မှာ  စတင်တော့မယ်လို့ သိရပါတယ်။ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေနဲ့ မြစ်ကြီးနား ခရစ်ယာန်ကောင်စီတို့ ပူးပေါင်းကာ မနက်ဖြန်မှာပဲ အင်ဂျန်းယန်မြို့နယ်ကို သွားရောက်မှာ ဖြစ်ပြီး ကနဦးအနေနဲ့ အခြေအနေသာသွားရောက်စုံစမ်းဦးမယ်လို့ အင်ဂျန်းယန်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က ဒီဗွီဘီကို ပြောပါတယ်။ “အဲ့ဒီဘက်မှာက လူနေအိမ်တွေမှာ တပ်မတော်က ဝင်နေတာတွေ ကြားတယ်။ ဆေးရုံတွေ၊ ကျောင်းတွေမှာရောပဲ။ ဘယ်သူမှလည်း အင်ဂျန်းယန်ကို ဝင်လို့မရသလို အင်ဂျန်းယန်ကနေလည်း ဘယ်သူမှ ထွက်မရတဲ့ အခြေအနေ ဖြစ်နေတယ်” အင်ဂျန်းယန်မှာ  ပိတ်မိပြည်သူ ၆၀၀ လောက်ရှိပြီး ပြည်နယ်အစိုးရ ဦးဆောင်တဲ့ မြေပြင်အခြေအနေ သွားကြည့်မယ့် ခရီးစဉ်ကို ကချင်လူငယ်တွေလည်း လိုက်ပါခွင့်ပေးထားတယ်လို့ ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီက တာဝန်ခံ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ “အင်ဂျန်းယန်ကနေ ထွက်ချင်နေတဲ့လူတွေ ရှိတယ်လို့ အကြောင်းကြားထားတာ ရှိပါတယ်။ လောလောဆယ်တော့ မြေပြင်အခြေအနေ သွားကြည့်မယ်လို့ပဲ သိထားပါသေးတယ်။ အဲဒီကနေ ထွက်ခွာချင်တဲ့သူတွေကို ဘယ်လိုလုပ်ပေးမယ် ဆိုတာတော့ မသိရသေးပါဘူး”လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ အင်ဂျန်းယန်မြို့ပေါ်မှာ  တပ်မတော်က နေရာယူထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ သတင်း - ရဲမွန်
3 years Ago

April 27, 2018

တိုက်ပွဲကြောင့် အင်ဂျန်းယန် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၁၀၀၀ ကျော် ထွက်ြေ်ပးတိမ်းရှောင်နေရပါတယ်။ ဧပြီ ၂၄ ရက်ကတည်းကစပြီး အင်ဂျန်းယန်မြို့နယ်အတွင်း မြန်မာ့တပ်မတော်ဘက်က  ကေအိုင်အေ တပ်မဟာ-၁ ကို  ထိုးစစ်ဆင် တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် ဒေသတွင်း ကျေးရွာ ၁၀ ရွာလောက်က ရွာသားတွေ မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြတာပါ။ အဲဒီမှာ သတင်းသွားရောက်ယူနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သတင်းထောက် ကိုထွယ်အောင်က “မနေ့ညနေက ကျနော်တို့ သွားကြိုတဲ့နေရာရဲ့ ကတိုးဆိပ်ကနေပြီး မြစ်ဆုံမှာရှိတဲ့ ကတ်သလစ်ဘုရားကျောင်းမှာ အကုန်လုံး အယောက် ၁၀၀၀ ကျော် အဲဒီမှာ အရင်ချတယ်။ ဒီမနက်မှ  ကျနော်တို့ နှစ်ခြင်း (KBC)က ကိုယ့်အသင်းသားတွေကို ကျနော်တို့ ဘုရားကျောင်းတွေမှာ ပြန်ခေါ်သွားတယ်”လို့ ပြောပါတယ်။ ဧပြီ ၂၅ ရက် ညနေပိုင်းက ကူလန် ဆိုတဲ့ရွာမှာ အစိုးရတပ်က လေယာဉ်နဲ့ ဗုံးလာကြဲခဲ့လို့ အဲဒီအနီးအနားတဝိုက် ရွာတွေက လူတွေ ထွက်ပြေးလာကြတာဖြစ်ပြီး အသက် ၁၁၄ နှစ်အရွယ်ရှိတဲ့ အဘွားအို အပါအဝင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ နေရပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ အင်ဂျန်းယန် ဒေသခံတွေကို  ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့ (MCC)နဲ့ လူမှုကူညီရေးအဖွဲ့တွေက မနေ့က ဂွေထောင်စက်လှေဆိပ်မှာ သွားရာက် ခေါ်ယူခဲ့ကြပါတယ်။ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက်မှာလည်း  အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ရဲ့တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၀၀၀ လောက် ပိတ်မိနေဆဲ ဖြစ်ပါတယ်။ Photo : Htoi Awng
3 years Ago
Up