အင်္ဂါဂြိုဟ်ပေါ် သက်ရှိနေထိုင်မှု အထောက်အထား ဒုတိယမြောက်ဇွန်းကြီးတချောင်း တွေ့ရှိ

December 27, 2016

အင်္ဂါဂြိုဟ်ပေါ် သက်ရှိနေထိုင်မှု အထောက်အထား ဒုတိယမြောက်ဇွန်းကြီးတချောင်း တွေ့ရှိ (ရုပ်သံ)

ဒါဟာ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အဆိုကို သက်သေပြဖို့ အချက်အလက်တခု ဖြစ်လာလေမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ နာဆာအဖွဲ့က လွှတ်တင်ထားခဲ့တဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ဇွန်းကြီးတချောင်းကို တွေ့ရှိခဲ့တာပါ။ ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သဲဆန်တဲ့ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်မှာ ဇွန်းကြီးတချောင်း တွေ့ရှိခဲ့ပုံကို ရိုက်ယူထားနိုင်ခဲ့တာပါ။ မကြာသေးခင်နှစ်တွေကမှ နာဆာက တွေ့ရှိခဲ့တဲ့ ဇွန်းရဲ့နောက် ဒုတိယမြောက် တွေ့ရှိရတဲ့ ဇွန်းတချောင်းဖြစ်လာခဲ့ပြီး သက်ရှိတွေ နေထိုင်ခဲ့ကြလေမလားဆိုတဲ့ ယုံကြည်နိုင်လောက်ဖွယ် အထောက်အထားတခု ဖြစ်လာခဲ့ပါတယ်။ တခြားတွေ့ရှိခဲ့ရဖူးတဲ့ ပစ္စည်းတွေထဲမှာ လက်စွပ်တွေ၊ လက်အိတ်တွေလည်း ပါဝင်နေခဲ့တာမို့ ဒါဟာ တကယ့်ကို အံ့သြစရာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုအင်တာနက်စာမျက်နှာပေါ်မှာ ယူဖိုးဟန်တာအမည်နဲ့ မျှဝေခဲ့တာဖြစ်ပြီး “အင်္ဂါဂြိုဟ်ပေါ်မှာ ဇွန်းကြီးတချောင်း တွေ့ခဲ့ပါတယ်။ တကယ့်ကို အံ့သြစရာပါပဲ။ ပျောက်ဆုံးနေခဲ့တဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတခု တွေ့ရှိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်” လို့ ရေးခဲ့တာပါ။ တချို့ဝေဖန်သူတွေက “ဒါဟာ ဒုတိယမြောက်ဇွန်းဆိုတော့ ထက်မြက်တဲ့ လူနေထိုင်မှုစနစ်တခု ရှိခဲ့တာ ဖြစ်နိုင်တယ်” လို့ မှတ်ချက်ရေးခဲ့ကြပါတယ်။ တချို့ကတော့ ဒါဟာ အမြင်အာရုံ ချွတ်ချော်တိမ်းမှားမှုတခုဖြစ်တယ်လို့ ပြောနေကြပြီး “ငါတို့ မြင်ချင်ရာကို မြင်နိုင်ကြတာပဲ။ တချို့ပုံပြင်တွေထဲမှာ လက်ဖက်ရွက်ထဲက ယေရှုခရစ်တော်ရဲ့ မျက်နှာကို မြင်နေရချိန်မှာ တချို့တွေက လထဲက လူတယောက်ကို မြင်ခဲ့ကြတယ်လေ” လို့ ရေးခဲ့ကြပါတယ်။
5 years Ago
Up