နိုင်ငံတကာ ဘောလုံးခြေစမ်းပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ စပိန်တို့ နိုဝင်ဘာ ၁၅ ရက်ညက အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။
နှစ်သင်းစလုံး ဒီပွဲမှာ အဓိက ကစားသမား အများစု မပါဝင်ခဲ့ဘဲ ယှဉ်ပြိုင်ခဲ့ကြတာပါ။
အင်္ဂလန်အသင်းမှာလည်း အသင်းခေါင်းဆောင် ၀ိန်းရွန်နီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဟန်ဒါဆန်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။
ပွဲစပြီး ၉ မိနစ်မှာ စပိန်ဂိုးဧရိယာအတွင်း တိုက်စစ်ဆင်လာတဲ့ အင်္ဂလန်တိုက်စစ်မှူး ဗာဒီကို စပိန်ဂိုးသမား ရီနာ ဖျက်ထုတ်ပုံကြမ်းလို့ အင်္ဂလန် ပယ်နယ်တီကန်ခွင့်ရပြီး ကွင်းလယ်လူ လယ်လာနာက ကန်သွင်းယူခဲ့လို့ ပထမပိုင်းမှာ အင်္ဂလန်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
စပိန်အသင်းဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိရအောင် စွမ်းအောင်နိုင်ပေမယ့် ဦးဆောင်ဂိုးတွေကိုတော့ အင်္ဂလန်အသင်းကပဲ ရရှိခဲ့တာပါ။
ပွဲချိန် ၄၈ မိနစ်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဗာဒီက ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး အင်္ဂလန်က ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
စပိန်အသင်းအတွက် ချေပဂိုးတွေကို ပွဲချိန် ၈၉ မိနစ်မှာ အီယာဂိုအတ်စ်ပတ်စ်နဲ့ နာကျင်အချိန်ပိုမှာ အစ္စကိုတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲဟာ အင်္ဂလန် ယာယီနည်းပြ ဆောက်ဂိတ် အင်္ဂလန်အသင်းကို ကိုင်တွယ်တဲ့ ၄ ပွဲမြောက် ပွဲစဉ်ဖြစ်ပြီး ၂ ပွဲနိုင် ၂ ပွဲသရေရလဒ် ဆောင်ကြဉ်းထားနိုင်ခဲ့ပါတယ်။
6 years Ago