အင်္ဂလန်အကျဉ်းထောင်တခုတွင်း ဆူပူအဓိကရုဏ်းဖြစ်သည့် ရုပ်သံ ထွက်ပေါ်

November 7, 2016

အင်္ဂလန်အကျဉ်းထောင်တခုတွင်း ဆူပူအဓိကရုဏ်းဖြစ်သည့် ရုပ်သံ ထွက်ပေါ်

အင်္ဂလန်နိုင်ငံ၊ ဘက်ဒ်ဖို့ဒ်ရှိုင်းယား အကျဉ်းထောင်တခုထဲမှာ နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက အကျဉ်းသားတွေ ဆူပူအဓိကရုဏ်းဖြစ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ အကျဉ်းထောင်တွင်း မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အကျဉ်းသားတွေဟာ ထောင်တွင်းစင်္ကြန်တလျှောက် အော်ဟစ်ဆူညံနေခဲ့ကြတာကို တွေ့ရပါတယ်။ အကျဉ်းသား ၂၀၀ လောက်ဟာ ဓားတွေ၊ သစ်သားတူတွေ ကိုင်ဆောင်ကာ နံရံတွေ၊ ပြတင်းမှန်တွေကို ရိုက်ချိုးဖျက်ဆီးနေခဲ့ကြတာပါ။ အကျဉ်းသားတွေထဲက တဦးက မေရာအွန်လိုင်းသတင်းကို “ကျနော်တို့ ထောင်ကို ထိန်းချုပ်လိုက်နိုင်ပြီ။ ရဲတွေကတော့ အပြင်မှာရှိနေတယ်။ အကျဉ်းထောင် တာဝန်ကျ အစောင့်တွေလည်း ထွက်ပြေးသွားကြပြီ” လို့ ဖုန်းမှတဆင့် ဖြေခဲ့ပါတယ်။ အကျဉ်းထောင်အရာရှိများအသင်းမှ အထွေထွေအတွင်းရေးမှူး စတိဗ်ဂီလဲန်ကတော့ “ခုဖြစ်နေတဲ့ အဓိကရုဏ်းမှာ အကျဉ်းသား ၂၀၀ ကျော်လောက် ပါနေခဲ့တယ်။ အပြင်ကို ရောက်သွားတာ ဘယ်နှယောက်မှန်း မသိနိုင်ပါဘူး။ တချို့ကတော့ အခန်းတွင်းမှာပဲ ပိတ်ထားဆဲပဲ ဖြစ်တယ်” လို့ ပြောပါတယ်။ အဆိုပါအကျဉ်းထောင်မှာ တာဝန်ကျဝန်ထမ်းနည်းပါးပြီး အကျဉ်းသားတွေဟာ အခန်းတွေထဲမှာ တနေ့ကို ၂၃ နာရီလောက် နေနေရကာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိနေတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ အကျဉ်းထောင် ပြောရေးဆိုခွင့်ရသူတဦးကတော့ “အထူးလေ့ကျင့်ပေးထားတဲ့ ထောင်အရာရှိတွေ၊ ဝန်ထမ်းတွေနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဆူပူအုံကြွမှုဖြစ်အောင် လှုပ်ရှားတဲ့ အကျဉ်းသားတွေကိုလည်း ဆက်ပြီး အရေးယူသွားမှာပါ” လို့ ပြောပါတယ်။ ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရ အမျိုးသမီးတဦးကတော့ “ကျမတို့ဆီကို ညနေ ၅ နာရီမတိုင်ခင်မှာ အကြောင်းကြားလာခဲ့တဲ့အတွက် ခု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ထောင်ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဒါကို ဖြေရှင်းနေကြပါတယ်” လို့ ပြောပါတယ်။ ဘက်ဒ်ဖို့ဒ်အကျဉ်းထောင်ဟာ ၁၈၀၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုလက်ရှိ ထောင်တွင်းမှာ အကျဉ်းသား ၅၀၀ နီးပါး ထားရှိတာပါ။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေ အသေးစိတ်ကို မသိရှိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up