အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ မနေ့ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ပယ်နယ်တီအဆုံးအဖြတ်မှာ ၄ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က စပါးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
အခု ဒုတိယအကျော့မှာတော့ အိမ်ရှင် ချဲလ်ဆီးက ပွဲချိန် ၂၇ မိနစ်မှာ ကန်တေ၊ ၃၈ မိနစ်မှာ ဟာဇက်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ပေမယ့် မိနစ် ၅၀ မှာ လော်ရန်တေးက စပါးအတွက် ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပါတယ်။
သာမန်ပွဲကစားချိန်မှာ ချဲလ်ဆီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ သရေဖြစ်နေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရပါတယ်။
ပယ်နယ်တီကန်သွင်းရာမှာတော့ ချဲလ်ဆီးအသင်းက ၄ ဂိုးဝင်ပြီး စပါးအသင်းက အဲရစ်ဒိုင်ယာရဲ့ ကန်သွင်းချက် ဂိုးပေါ်ထောင်သွားသလို လူးကပ်စ်မိုရာရဲ့ ကန်သွင်းချက်ကိုလည်း ချဲလ်ဆီးဂိုးသမား ကာကွယ်နိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီး အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲ တက်သွားတာ ဖြစ်ပါတယ်။
လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago