အင်္ဂလန်ယူ-၂၀

June 12, 2017

အင်္ဂလန်ယူ-၂၀ အသင်းကို ရွှေရောင်မျိုးဆက်ဟုပြောရန် စောလွန်းသေးဟု နည်းပြ ပြော

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ရွှေရောင်မျိုးဆက်လို့ ပြောဖို့ စောလွန်းသေးတယ်လို့ အင်္ဂလန်နည်းပြ ပေါလ်ဆင်ပ်ဆန်က ပြောကြားလိုက်ပါတယ်။ အင်္ဂလန် ယူ-၂၀ အသင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဗင်နီဇွဲလားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့တာပါ။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်စီနီယာအသင်း ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း  နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့်ပြိုင်ပွဲ ချန်ပီယံဖလားကို အင်္ဂလန် ယူ-၂၀ အသင်းက ရယူပေးခဲ့တာပါ။ ယူ-၂၀ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုရယူနိုင်ခဲ့တာဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး ဒီဖလားကိုရယူဖို့ မလွယ်ကူတဲ့အကြောင်း၊ ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်းတွေနဲ့ ယုံကြည်မူတွေ ရရှိခဲ့ပြီး အနာဂတ်မှာ ခြေစွမ်းပိုကောင်းလာမှာဖြစ်တယ်လို့ အင်္ဂလန် ယူ-၂၀ နည်းပြ ပေါလ်ဆင်ပ်ဆန်က ဆိုပါတယ်။ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို လီဗာပူးအသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား ဆိုလန်ကီ ရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကိုတော့ နယူးကာဆယ်အသင်းက အင်္ဂလန်ဂိုးသမား ဖရက်ဒီဝုဒ်မန်းက ရခဲ့ပါတယ်။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုတော့ တတိယဆုရတဲ့ အီတလီတိုက်စစ်မှူး အော်ဆိုလီနီက ရရှိခဲ့ပါတယ်။
4 years Ago
Up