ပြင်သစ်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခဲ့မှုတွေကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်တွေ အနေနဲ့ လုံခြုံရေးအပြည့် မြှင့်တင်လိုက်ပါပြီ။
နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကလပ်အသင်း တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်ခဲ့ပြီး လာမယ့် စနေနဲ့ တနင်္ဂနွေမှာကန်မယ့် ပွဲစဉ်တွေအတွက် လုံခြုံရေး တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
"ကျနော်တို့ဟာ စိတ်ချရတဲ့အချိန် ရောက်တဲ့အထိ လုံခြုံရေးသတိ အပြည့်နဲ့ နေသွားရမယ်" လို့ ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချတ်စကူဒါမိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ စတိတ်ဒီဖရန့်စ်ကွင်းကြီးမှာ ပြင်သစ်နဲ့ ဂျာမနီတို့ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်နေတုန်း အသေခံဗုံးခွဲသမား ၃ ဦးက ဘောလုံးကွင်းထဲဝင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် ကွင်းအပြင် အစပ်မှာပဲ အသေခံ ဗုံးခွဲခဲ့တာပါ။
ပွဲအပြီးမှာ ပရိသတ် ထောင်ပေါင်းများစွာလည်း ကွင်းထဲကို ပြေးဆင်းလာကြပြီး အချိန်အတော်ကြာအောင် နေခဲ့ရပါတယ်။
ပြင်သစ်အသင်းသားတွေက ဂျာမနီအသင်းသားတွေရဲ့ လုံခြုံရေးအတွက် ဘောလုံးကွင်းထဲမှာ တညလုံး စောင့်ပေးနေခဲ့တယ်လို့ သိရပါတယ်။
5 years Ago