အင်္ဂလန်နည်းပြ

October 16, 2018

ဆောက်ဂိတ် အောင်မြင်သည့်နည်းပြ ဖြစ်လိမ့်မည်ဟု ပြော

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆုဖလားတခုမှ မဆွတ်ခူးနိုင်ခဲ့ရင်တောင် သူဟာ အောင်မြင်တဲ့ နည်းပြတဦး ဖြစ်လိမ့်မယ်လို့ နာမည်ကြီး အားကစားသတင်းထောက် မာတင်ဆမ်မြူရယ်က ပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ် အင်္ဂလန်အသင်းကို ရောက်ရှိချိန်ဟာ တည်ဆောက်နေဆဲကာလ ဖြစ်တာကြောင့် အများကြီး အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းရဲ့သမိုင်းမှာ အောင်မြင်မှုရရှိတဲ့ နည်းပြဆိုရင် ဆာအက်လ်ရမ်ဆေး တဦးတည်းကိုပဲ ညွှန်ပြရမှာဖြစ်ပြီး အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလား ရယူပေးခဲ့တဲ့ ၁၉၆၆ ခုနှစ်ဟာ အအောင်မြင်ဆုံးအချိန် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နာမည်ကြီး ပရော်ဖက်ရှင်နယ်ကလပ်အသင်း တသင်းကို ကိုင်တွယ်ခွင့်မရရှိသေးဘဲ နိုင်ငံလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ရတာဟာ အခက်အခဲတွေ ရှိပေမယ့် ကမ္ဘာ့ဖလားမှာ စတုတ္ထရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ဆောက်ဂိတ်ဟာ အင်္ဂလန်တို့အတွက် အအောင်မြင်ဆုံးနည်းပြအဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ ဟယ်ရီကိန်း၊ ဒယ်လီအလီ၊ ထရစ်ပီယာ၊ စတာလင်၊ မက်ဂွိုင်းယား အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့မှုအကောင်းဆုံးမှာ ရှိနေခဲ့ပါတယ်။
2 years Ago

June 28, 2016

ယူရိုပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် အင်္ဂလန်နည်းပြ ရာထူးမှ နုတ်ထွက်

ယူရို ၂၀၁၆ ရှုံးထွက်အဆင့်မှာ အင်္ဂလန်က အိုက်စလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် နည်းပြ ရွိုင်းဟော့ဆန် (Roy Hodgson) လည်း နုတ်ထွက်လိုက်ပါတယ်။ နောက်ထပ် ၂ နှစ် တာဝန်ယူဖို့ ဆန္ဒရှိပေမယ့်လည်း အခုတော့ အင်္ဂလန်အသင်းကို နောက်ထပ် နည်းပြတယောက်က ကိုင်တွယ်ဖို့ အချိန်ရောက်ပါပြီလို့ နည်းပြ ရွိုင်းဟော့ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အသက် ၆၈ နှစ်အရွယ် နည်းပြ ဟော့ဆန်ဟာ လွန်ခဲ့တဲ့ လေးနှစ်က အီတလီလူမျိုး နည်းပြ ဖေဘီယို ကာပယ်လို (Fabio Capello) ရဲ့ နေရာမှာ အစားထိုးပြီး အင်္ဂလန်အသင်းကို ကိုင်တွယ်လာတာ ဖြစ်ပါတယ်။ သူဟာ အရင်က အင်္ဂလန်နဲ့ စကင်ဒီနေးဗီးယား နိုင်ငံတွေက ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆွစ်ဇာလန်ဘောလုံးအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုပွဲတွေကနေ ထွက်လိုက်ရပြီးနောက် ပင်ကိုယ် အရည်အသွေးကောင်းပြီး မျှော်လင့်ချက်မြင့်မားတဲ့ ဘောလုံးသမားတွေအတွက် နည်းပြသစ် တယောက် ကိုင်တွယ်ရမယ့် အချိန်ရောက်ပြီလို့ ဟော့ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နောက်ထပ် သိပ်မဝေးတော့တဲ့ နှစ်တွေအတွင်းမှာပဲ အင်္ဂလန်အသင်းကို ဗိုလ်လုပွဲမှာ မြင်ရနိုင်သေးလို့ စိတ်မလျှော့ကြဖို့လည်း ပရိသတ်တွေကို အားပေးစကား ပြောသွားပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့ရတဲ့အတွက်လည်း အမြဲတမ်း ဂုဏ်ယူနေမယ်လို့ ပြောသွားပါတယ်။
5 years Ago
Up