အင်္ဂလန်ဒိုင်လူကြီး

February 17, 2017

နာမည်ကြီး အင်္ဂလန်ဒိုင်လူကြီး ကလက်တန်ဘက် ပရီးမီးယားလိဂ်မှ နုတ်ထွက်

အင်္ဂလန် နာမည်ကျော်ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီး ဆော်ဒီအာရေဗျနိုင်ငံ ဒိုင်လူကြီးအဖွဲ့မှာ သွားရောက် တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ အသက် ၄၁ နှစ်ရှိ မာ့လ်ကလက်တန်ဘက်ဟာ အာဆင်နယ်နဲ့ ဟားလ်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ မှာ နောက်ဆုံးကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ မာ့ခ်ကလက်တန်ဘက်အနေနဲ့ ဆော်ဒီအာရေဗျနိုင်ငံက ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့နဲ့ ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်နိုင်ဖို့အတွက် အဓိကထား တာဝန်ယူရမှာဖြစ်ပြီး ဆော်ဒီလိဂ်ပွဲစဉ်တချို့ကိုလည်း တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ အင်္ဂလန်ဒိုင်လူကြီးဟောင်းတဦးဖြစ်တဲ့ ဟောင်းဝါ့ဒ်ဝက်ဘ်ဟာ ပြီးခဲ့တဲ့တပတ်ကမှ ဆော်ဒီအာဗျနိုင်ငံရဲ့ ဒိုင်လူကြီးအဖွဲ့ချုပ်ကနေ နုတ်ထွက်ခဲ့တာကြောင့် ကလက်တန်ဘက်က အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေအနေနဲ့ တနှစ်လုပ်ခ ပေါင် ၆ သောင်းခွဲဝန်းကျင်နဲ့ တပွဲကို ပေါင် ၁၀၀၀ ဝန်းကျင်ပဲ ရရှိတဲ့အတွက် ဆော်ဒီအာရေဗျနိုင်ငံက မက်မောစရာ ငွေကြေးပေးပြီး ကမ်းလှမ်းမှုကို ကလက်တန်ဘက်က လက်ခံခဲ့တာဖြစ်ပါတယ်။ မာ့ခ်ကလက်တန်ဘက်ဟာ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးဒိုင်လူကြီးဆု ရရှိထားသူဖြစ်ပြီး အင်္ဂလန် အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲ ၃ ပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
4 years Ago
Up