အင်္ဂပူတွင်

November 18, 2017

အင်္ဂပူတွင် စာကျက်နေသည့် ကျောင်းသူထံမှ နားကပ် လုယက်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းအပိုင် မဲဇလီကုန်း ဘူတာလမ်းမှာ အောက်တိုဘာ ၁၇ ရက် ညပိုင်းက နေအိမ်အတွင်း စာကျက်နေတဲ့ ဆယ်တန်းကျောင်းသူရဲ့ နားကပ်ကို ၀င်ရောက် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ “ဟုတ်ပါတယ်။ မနေ့ကညပိုင်း ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။ ခုလိုမျိုးအိမ်ဝင်ရောက် လုယက်တာဟာ ခု မဲဇလီကုန်းမှာ ပထမဆုံးဖြစ်တာပါ။ ဘူတာလမ်း လူလည်းမပြတ်ပါဘူး။ ခုဖြစ်စဉ်ကဖြစ်ပွားတဲ့အိမ်ကို တရားခံက နောက်ဖေးပေါက်က ဝင်လာတာပါ။ ကလေးမလေး စာကျက်နေတာ။ တွေတော့ ကလေးမလေးပြေးတာ ဆံပင်လှမ်းဆွဲလို ခုံနဲ့ရိုက်မိသွားတယ်။ ပြီးတော့ နားကပ်တဖတ်ကိုဖြုတ်သွားတယ်။ ပြီးတော့ ထွက်ပြေးသွားတယ်။ ခုမဲဇလီကုန်းရဲစခန်းက ရဲလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ခုဖြစ်စဉ်ကိုတော့ မဲဇလီကုန်းရဲစခန်း အမှုဖြစ်စဉ်အမှတ် (ပ) ၉၁ ရာဇာသတ်ကြီးပုဒ်မ-၃၉၄ လူ့ယက်နာကျင်စေမှုနဲ့ အမှုဖွင့်ထားတယ်။ ကိုယ်တို့တွေခုရွာတွေဘက်ပါ သွားပီစစ်ဆေးနေပါတယ်”လို့ မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ကျော်ထူးက ပြောပါတယ်။ ခုလိုလူယက်မှုတွေက ဟသာင်္တခရိုင်၊ ဟသာင်္တမြို့ပေါ်မှာ မကြာခဏဆိုသလို လူယက်မှုတွေ ဖြစ်ပွားနေတာပါ။
4 years Ago

October 19, 2017

အင်္ဂပူတွင် တောဆင်ရိုင်း ရက်ဆက်ဝင်ရောက်မှုကြောင့် ဒေသခံများ ထိတ်လန့်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်နန်က သူဆည်နားက ကျောက်ကုန်းကျေးရွာမှာ တောဆင်ရိုင်းတွေ ၀င်ရောက်လာတာ ၂ ပတ်ကျော်ခဲ့ပေမယ့် ဒီနေ့အထိ မမောင်းထုတ်နိုင်သေးလို့ ဒေသခံတွေ အလုပ်ကိုင်ပျက်ပြီး စိုးရိမ်ထိတ်လန့်နေကြပါတယ်။ တောဆင်ရိုင်းတွေဟာ ပြီးခဲ့အောက်တိုဘာ ၅ ရက်ညကတည်းက ဝင်ရောက်ပြီး လူနေအိမ်တွေ ဖျက်ဆီးတာတွေနဲ့ စပါးခင်းတွေ ဝင်ရောက်စားသောက်ဖျက်ဆီးတာတွေ ပြုလုပ်နေကြတာပါ။ အဲလိုစိုက်ခင်းတွေ ဝင်ရောက်ဖျက်ဆီးနေလို့ ပုသိမ်မြို့ မြန်မာသစ်လုပ်ငန်းက စွယ်စုံရ ဆင်အထီးနှစ်ကောင်နဲ့ အောက်တိုဘာ ၁၄ ရက်နေကစပြီး တောဆင်ရိုင်းလေးကောင်ကို ရွာသားတွေနဲ့ ပူးပေါင်းပြီးမာင်းထုတ်နေတာပါ။ ခုလိုခြောက်လန့်မောင်းထုတ်တာတွေ လုပ်နေပေမယ့် နယ်မြေဧရိယာ ကျယ်ဝန်းတာရယ်၊ လူအင်းနည်းပါတာတွေကြောင့် အဲဒီတောဆင်ရိုင်းတွေဟာ ရခိုင်ရိုးမတောထဲကို ထွက်မပြေးဘဲ အနားတပတ်လည်မှာ ရှိနေလို့ အချို့တောင်ယာလုပ်ကိုင်သူတွေနဲ့ ဝါးခုတ်လုပ်ငန်း လုပ်ကိုင်သူတွေ အလုပ်မလုပ်ရဲပဲ ဖြစ်နေကြတာပါ။ အဲဒီကျောက်ကုန်းကျေးရွာ ကညွှတ်ကွင်းကျေးရွာအုပ်စုထဲမှာရှိပြီး ပုသိမ်-မုံရွာကားလမ်းမနဲ့ ငါးမိုင်လောက်အကွာမှာ တည်ရှိနေတာပါ။ ကညွှတ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်းဝင်ကတော့ “ခုဟာကဗျာ ဒီဘက်ကမောင်းလိုက် ဟိုဘက်ရောက်လိုက်နဲ့ ခက်နေတယ်။ အချို့အိမ်တွေ ဒီအတိုင်းထားပြီး အခြားပြောင်းသွားကြတယ်။ စပါးကလည်း ၁ ဧကလောက် ကုန်နေပြီ။ ရွာသားတွေနဲ့ မြန်မာသစ်လုပ်ငန်းက လူတွေ စုပေါင်းမောင်းထုတ်ပေမယ့် လူစုရတာလွယ်တာမဟုတ်ဘူး ကျနော်ခေါ်လို့လာတယ်။ အန္တရာယ်ဖြစ်ရင် ကျနော့်အပေါ် ပုံကျမှာလေ။ ခုတော့ အခက်တွေ့နေတယ်။ ကျနော်ဆို ဆင်စဝင်ကတည်းက ခုထိအိမ်မပြန်ရသေးဘူး။ မြို့နယ်အာဏာပိုင်းကလည်း ထိထိရောက်ရောက် မလုပ်သလို ခံစားရတယ်။ အဲဒါ အင်းအားသုံး မောင်းထုတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးဟန်အုန်းက “ကျနော်တို့ မြန်မာသစ်လုပ်ငန်းကို ဒီဖြစ်စဉ်ကို အကူအညီတောင်းတယ်။ သူတို့က ပုသိမ်က စွယ်စုံရဆင်နှစ်ကောင်နဲ့ မောင်းနေတယ်။ ဒါပေမယ့် ခုမိုးရွာတာက တကြောင်းရယ်၊ နယ်မြေကျယ်နေတာက တကြောင်းရယ် မလွယ်ကူဘူးဖြစ်နေတယ်။ ခုက ဆင်ဆရာဝန်ရယ်၊ ဆင်အုပ်ရယ်၊ ဆင်ဦးတွေရယ် လာပြီးမောင်းနေတာပါ။ နယ်မြေကျယ်တော့ အခက်တွေရတာပေါ့။ သူတို့ကလည်း ခုလိုမရရင် သူတို့ဌာနကို တင်ပြပြီး အခြားနည်းလမ်းသုံးမယ်။ ကျနော်တို့ကလည်း ဒါကို တိုင်းအစိုးရအဆင့်အထိ တင်ပြထားပါတယ်။ ခုလောလောဆယ်တော့ လူတွေကို အန္တရာယ်မလုပ်သေးပါဘူး။ ဆက်ပြီး ကြိုးစားမောင်းထုတ်ဖို့ သူတို့အနေနဲ့လည်း အားထုတ်နေကြပါတယ်” လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ငပုတော ချောင်းသာစတဲ့နေရာတွေမှာ တောဆင်ရိုင်းတွေ ဝင်ရောက်ခဲ့တာရှိပေမယ့် အခု အင်္ဂပူမြို့နယ်မှာ ရက်ကြာကြာ ၀င်ရောက်တာမျိုး မတွေ့ရပါဘူး။ သတင်း-သန်းထိုက်မြင့် ဓာတ်ပုံ-သစ်တောဦးစီးဌာနအင်္ဂပူမြို့နယ်
4 years Ago
More News
Up