အဂွဲရိုး

September 26, 2017

အဂွဲရိုးသည် ပရီးမီးယားလိဂ်၏ တဦးတည်းသော ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ဟု အွန်နရီ ပြော

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ပရီးမီးယားလိဂ်ရဲ့ တဦးတည်းသော ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်တယ်လို့ အာဆင်နယ် ကစားသမားဟောင်း အွန်နရီက ပြောကြားလိုက်ပါတယ်။ အဂွဲရိုးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၆ ဂိုးသွင်းယူထားပြီး ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူတိုက်စစ်မှူး လူကာကူနဲ့ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာတို့လည်း ခြေစွမ်းပြ ဂိုးတွေသွင်းနေပေမယ့် ဆုဖလား အောင်မြင်မှုတွေနဲ့ သက်သေမပြနိုင်သေးတာကြောင့် အဂွဲရိုးကသာ ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်တယ်လို့ အွန်နရီက ပြောပါတယ်။ မန်ယူတိုက်စစ်မှူး လူကာကူဟာ ဒီနှစ်မှ မန်ယူရောက်လာတာဖြစ်ပြီး ချန်ပီယံလိဂ်လို အဆင့်မြင့်ပြိုင်ပွဲတွေ အခုမှ ကစားဖူးတာဖြစ်သလို မိုရာတာဟာလည်း ဂျူဗင်တပ်နဲ့ ခြေစွမ်းပြခဲ့ပေမယ့် ရီးရဲလ်အသင်းမှာ အရန်ကစားသမားတဦးသာ ဖြစ်ခဲ့တယ်လို့ အွန်နရီက ဆိုပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း နှစ်ရာသီဆက် ဂိုးသွင်းဘုရင်ဆု ရထားပေမယ့် ဥရောပအဆင့်မှာ အောင်မြင်မှုမရသေးဘူးလို့ အွန်နရီက ဆိုပါတယ်။ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးဟာ ၂၀၁၁ ခုနှစ်ကတည်းက အက်သလက်တီကိုကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်စီးတီးအတွက် ကစားထားတဲ့ ပွဲပေါင်း ၂၆၀ မှာ ၁၇၆ ဂိုးအထိ သွင်းယူထားပါတယ်။
4 years Ago

May 10, 2017

အသင်းမှထွက်ခွာမည်မဟုတ်ဟု မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး ပြော

ပုံမှန်ပွဲထွက်ခွင့်ရဖို့ အာမခံချက်မရှိပေမယ့် အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက ပြောကြားလိုက်ပါတယ်။ အဂွဲရိုးဟာ ဘရာဇီးတိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ် ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။ ဒီအခြေအနေကို မန်ယူအသင်း အပါအဝင် ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ်အသင်းတို့က စောင့်ကြည့်နေပြီး အဂွဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အဂွဲရိုးအနေနဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်ရဲ့ ခြေစွမ်းကိုလည်း ချီးကျူးခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဂျီးဆပ်အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးတဦးအနေနဲ့ အသက်အရွယ်ရလာတဲ့အခါမှာ ငယ်ရွယ်တဲ့ တိုက်စစ်မှူးတွေက ပွဲထွက်ခွင့်နေရာအတွက် ဖိအားပေးမှာဖြစ်ပြီး ပိုကောင်းတဲ့ခြေစွမ်းရနေဖို့ လိုတယ်လို့လည်း အဂွဲရိုးက ပြောပါတယ်။ အဂွဲရိုးအနေနဲ့ မန်စီးတီးအသင်းမှာ ထပ်ပြီး အရန်ခုံထိုင်ရမယ်ဆိုရင်လည်း လက်ခံသွားရမှာဖြစ်ပြီး နည်းပြ ဂွာဒီယိုလာဟာလည်း သူအမြဲတမ်းလေးစားရတဲ့ နည်းပြတဦးဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up