အဂတိလိုက်စားမှု

November 29, 2022

ထောင်ကျနေသည့် အီကွေဒေါ ဒုသမ္မတဟောင်း ပြန်လွတ်မြောက်

အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အီကွေဒေါ ဒုသမ္မတဟောင်း ဂျော့ခ်ျဂလက်စ်ဟာ နိုဝင်ဘာ ၂၈ ရက်မှာ အကျဉ်းထောင်ကနေ ဒုတိယအကြိမ် ပြန်လွတ်မြောက်လာခဲ့ပါတယ်။

ဒေသဆိုင်ရာ တရားသူကြီးက သူ့စွဲချက်တွေအတွက် အချုပ်အနှောင်ပြစ်ဒဏ်အစား အစားထိုးပြင်ဆင်တဲ့ အစီအမံတွေကို အတည်ပြုပြီးနောက်မှာ ပြန်လွတ်လာတာပါ။

ဂလက်စ်ဟာ သူ့ရဲ့ ခုခံချေပခွင့် တောင်းဆိုချက်ကို ဖြေရှင်းရာမှာ နှောင့်နှေးမှုတွေကြောင့် အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့အတွက် ထောင်တွင်းအကျိုးခံစားခွင့်တွေရရှိဖို့ ရှေ့တန်းတင်ပြီး ထောင်အပြင်မှာ ပြစ်ဒဏ်ကျခံခွင့်ပေးတာဖြစ်ကြောင်း ဆန်တိုဒိုမင်ဂို ပြည်နယ်မှ တရားသူကြီး အီမာဆန် ကူရီပါလိုက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် ဂလက်စ်ဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အိုဒီဘရက်ချ်ထ်ကို အစိုးရ ကန်ထရိုက်စာချုပ်တွေ ပေးအပ်တဲ့အတွက် ကုမ္ပဏီဆီက လာဘ်ငွေရယူမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာပါ။

ဒါ့အပြင် သမ္မတဟောင်း ရာဖယ် ကော်ရီယာရဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေမှာ ကန်ထရိုက်တာတွေဆီက ငွေကြေးကို အသုံးပြုခဲ့တဲ့အတွက် ၂၀၂၀ ခုနှစ်မှာ သီးခြားထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား ကော်ရီယာရဲ့ အစိုးရမှာ ဝန်ကြီးဟောင်းနဲ့ ဒုသမ္မတဟောင်းဖြစ်သူ ဂလက်စ်ဟာ အခုနှစ် ဧပြီလက အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းပြီး တလအကြာမှာ ထောင်ကို ပြန်ပို့ခံခဲ့ရတာပါ။ အခုတော့ တရားသူကြီးရဲ့အမိန့်နဲ့ ဒုတိယအကြိမ် ပြန်လွတ်မြောက်ခဲ့ပါတယ်။

ဂလက်စ်ဟာ တနင်္လာနေ့နှောင်းပိုင်းက မြို့တော်ကွီတိုရှိ အကျဉ်းထောင်ကနေ ထွက်ခွာသွားချိန်မှာ သူ့ကိုထောက်ခံသူ ဒါဇင်ပေါင်းများစွာက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။

2 weeks Ago

August 23, 2022

အာဂျင်တီးနား ဒုသမ္မတအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၂ ချမှတ်ရန် အစိုးရရှေ့နေ တောင်းဆို

အာဂျင်တီးနားနိုင်ငံရဲ့ သမ္မတဟောင်းနဲ့ လက်ရှိ ဒုသမ္မတလည်းဖြစ်တဲ့  ခရစ္စတီနာဖာနန်ဒတ်ဇ် ဒီကာချနာကို ပြည်သူ့အလုပ်တွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ဖို့ အာဂျင်တီးနား အစိုးရရှေ့နေက သြဂုတ် ၂၂ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်အတွင်း နိုင်ငံတော်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေလွှဲဖို့ အစီအစဥ်တခုမှာ ပါဝင်ပတ်သက်မှုတို့အတွက် အာဏာရ Peronist ပါတီရဲ့ လက်ဝဲယိမ်းအတွက် ဩဇာရှိနေဆဲဖြစ်တဲ့ ကာချနာကို အစိုးရရှေ့နေ ဒီဂိုလူစီရာနီက စွပ်စွဲခဲ့တာပါ။ 

အစိုးရရှေ့နေဟာ ကာချနာကို အစိုးရကိစ္စတွေမှာ ပါဝင်တာ တသက်လုံး ပိတ်ပင်တားမြစ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။  

ဒီအမှုနောက်ဆုံးစီရင်ချက်ချဖို့ နှစ်နဲ့ချီ ကြာမြင့်နိုင်မယ့် အထက်တရားရုံးတွေမှာ အယူခံဝင်နိုင်ပေမယ့် ပြည်တွင်းမီဒီယာတွေအရ စီရင်ချက်ကို လပိုင်းအတွင်း သိရှိမှာဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးမှုမှာ  ကာချနာနဲ့ သူ့အစိုးရအဖွဲ့မှ တခြားအရာရှိတွေဟာ ပါတာဂိုးနီးရား တောင်ပိုင်းဒေသရှိ ဒါဇင်နဲ့ချီတဲ့ ပြည်သူ့လုပ်ငန်းတွေအတွက် လေလံဆွဲခြင်း လုပ်ငန်းစဉ်တွေမှာ စီးပွားရေးသမား လာဇာရိုဘေ့ဇ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကို မျက်နှာသာပေးမှု ရှိ မရှိ ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတာပါ။ 

ပညာရှင်အတော်များများကတော့ လမ်းကြောင်းပြောင်းသွားတယ်လို့ စွပ်စွဲထားတဲ့ ငွေပင်ငွေရင်း ဟာ သူတို့ကုမ္ပဏီတွေကနေတဆင့်  ကာချာနာမိသားစု လက်ထဲကို ပြန်ရောက်မလားဆိုတာကို သံသယရှိနေကြပါတယ်။ 

အာဂျင်တီးနားသမ္မတ အလ်ဘတ်တိုဖာနန်ဒတ်ဇ်ကတော့ သမ္မတဟောင်းကို တရားစီရင်ရေးအရ နှိပ်စက်ညှဉ်းပန်းမှုအဖြစ် ကြေညာချက်မှာ ဆုံးဖြတ်ထားတာကို ရှုတ်ချကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

4 months Ago
More News
Up