မိတ္ထီလာမြို့မှာ အဂတိတိုက်ဖျက်ရေးနှင့် သန့်ရှင်းသော တရားစီရင်မှု ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူ့အကျိုးဆောင်အဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမမှာ အောက်တိုဘာ ၁၂ ရက်နေ့က အဂတိတိုက်ဖျက်ရေးနှင့် သန့်ရှင်းသော တရားစီရင်မှု ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။
ဦးဆောင်ကျင်းပသူ ဦးစိန်ဝင်းက "မိတ္ထီလာမှာ ကြားပွဲစားတွေ တအားများနေတယ်။ အဲဒီကြားပွဲစားတွေ ပပျောက်ဖို့ အရင်လုပ်ရမယ်။ ပြည်သူပူးပေါင်းပါဝင်မှ အဂတိကင်းစင်မှာပါ၊ ပြည်သူ့အကျိုးဆောင်အဖွဲ့အနေနဲ့ ဖွဲ့ဖြစ်မယ်။ ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူ့အကျိုးဆောင် လုပ်ပေးမှာပါ။ အဲလိုစိတ်ရှိသူတွေပဲ စုစည်းပြီးဖွဲ့မှာပါ" လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပြည်သူ့အကျိုးဆောင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခွင့်ပြုချက်တင်ထားတယ်လို့ ဆိုပါတယ်။
တက်ရောက်ခဲ့သူ ကိုရဲလေးက "အများအတွက် ကောင်းဖို့လုပ်ကြတာပါ။ အဂတိဆိုတာက ချက်ချင်းတော့ ပျောက်မသွားနိုင်ဘူ။ ပထမ အဂတိနည်းအောင် လျော့ချရမယ်၊ အဲလိုလုပ်ပြီး လူ့အသိုင်းအဝိုင်းထဲမှာ ဒါဟာ ရှက်စရာတခုလို့ ခံစားသိမှ ပျောက်သွားမှာပါ"လို့ ပြောပါတယ်။
အဂတိတိုက်ဖျက်ရေးနှင့် သန့်ရှင်းသောတရားစီရင်ရေး ဟောပြောပွဲကို ဌာနဆိုင်ရာတွေအပါဝင် လူဦးရေ ၁၅ဝကျော် တက်ရောက်ခဲ့ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago