အခွန်ဥပဒေသစ် ချမှတ်

December 6, 2020

အာဂျင်တီးနားတွင် ကိုဗစ်-၁၉ ကုန်ကျစရိတ်ကို ချမ်းသာသူများပေးရန် အခွန်ဥပဒေသစ် ချမှတ်

အာဂျင်တီးနားနိုင်ငံမှာ  ကိုဗစ်-၁၉ ကူးစက်ရောဂါ အစီအမံအတွက် ကုန်ကျစရိတ်တွေကို  ကြွယ်ဝချမ်းသာသူတွေ ပေးဆောင်ဖို့ အခွန်သစ်ကို  ဒီဇင်ဘာ ၄ ရက်က ပြဋ္ဌာန်းလိုက်ပါတယ်။ မီလျံနာအခွန်လို့ အမည်တွင်တဲ့ အခွန်သစ်ကို အထက်လွှတ်တော်အမတ်တွေက  ထောက်ခံမဲ ၄၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲနဲ့ အတည်ပြုခဲ့တာပါ။  အာဂျင်တီးနားပီဆိုငွေ သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ နှစ်သန်းခွဲ) ပိုင်ဆိုင်သူ  နိုင်ငံသား ၁၂,၀၀၀ လောက်ဟာ ဆေးဝါးပစ္စည်းနဲ့ ကယ်ဆယ်ရေးအတွက် အခွန်ပေးဆောင်ရမှာပါ။  အခွန်သစ်ဟာ အခွန်ပေးဆောင်သူတွေရဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းကိုသာ သက်ရောက်မယ်လို့ အခွန်ဥပဒေသစ်ရေးဆွဲသူတဦးက ဆိုပါတယ်။  သူတို့ဟာ  နိုင်ငံတွင်း ပိုင်ဆိုင်တဲ့ ဓနဥစ္စာပေါ်မှာ  ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ နဲ့ နိုင်ငံပြင်ပ ဓနဥစ္စာပေါ်မှာ ၅ ဒသမ ၂၅ ရာခိုင်နှုန်းအထိ အခွန် ပေးဆောင်ရမှာပါ။  ရရှိတဲ့ အခွန်ငွေတွေထဲက ၂၀ ရာခိုင်နှုန်းဟာ ဆေးဝါးပစ္စည်း၊ ၂၀ ရာခိုင်နှုန်းကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းကယ်ဆယ်ရေး၊  ၂၀ ရာခိုင်နှုန်းက ကျောင်းသားတွေ ပညာသင်ဆု၊ ၁၅ ရာခိုင်နှုန်းက လူမှုဖွံ့ဖြိုးရေးနဲ့ ကျန် ၂၅ ရာခိုင်နှုန်းကိုတော့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
4 months Ago
Up